ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းက နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်ကောင်စီအပေါ် ဖိအားမြှင့်တင်ရန် တိုက်တွန်းလိုက်ပြီး စစ်ကောင်စီကို အစွမ်းကုန် ဆက်လက်ခုခံသွားမည် ဖြစ်ကြောင်း ကတိပြုလိုက်သည်။
ဆန္ဒပြသူများကို အကြမ်းဖက်ခြင်းကို ရှုတ်ချသည့် လုံခြုံရေးကောင်စီဥက္ကဌ၏ ကြေညာချက်အတွက် လုံခြုံရေးကောင်စီကို ကျေးဇူးတင်ကြောင်း မတ်လ ၁၂ ရက်နေ့က နယူးယောက်ရှိ CNA သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းရာတွင် ဦးကျော်မိုးထွန်း ပြောသည်။ ဗုဒ္ဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော ထိုကြေညာချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက ကန့်ကွက်သူမဲ့ သဘောတူခဲ့သည်။
“တဆက်တည်းပဲပြောရမယ်ဆိုရင် လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ကြေညာချက်က ကျနော်တို့ရဲ့ မျှော်မှန်းချက်ကိုတော့ ဖြည့်ဆည်းနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့်မို့လို့ လုံခြုံရေးကောင်စီကနေ ဒီထက်ပြင်းထန်တဲ့ ကြေညာချက်နဲ့ ပိုမိုပြင်းထန်တဲ့ အရေးယူမှုကို ကျနော်တို့လိုချင်ပါတယ်”ဟုလည်း သူပြောသည်။
“အဲဒီအခါမှသာ မြန်မာပြည်သူတွေ အမှန်တကယ် လိုချင်တာဖြစ်လာပါမယ်။ ကျနော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းထံက အကာအကွယ်ကို လိုအပ်နေပါတယ်” ဟုလည်း သူဆက်ပြောသည်။
လုံခြုံရေးကောင်စီ ဥက္ကဌ၏ကြေညာချက်သည် ဆုံးဖြတ်ချက်အောက် တဆင့်နိမ့်နေသော်လည်း လုံခြုံရေးကောင်စီ၏ တရားဝင်မှတ်တမ်း တစိတ်တပိုင်းဖြစ်သည်။
ဆန္ဒပြနေသည့် လူငယ်များသည် မြန်မာနိုင်ငံ၏ အနာဂတ်ဖြစ်ပြီး ၎င်းတို့ကို အကာအကွယ်ပေးရန် လိုကြောင်း မြန်မာသံအမတ်ပြောသည်။
“ကျနော်တို့ဖာသာ ကျနော်တို့ မကာကွယ်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းဆီကနေ အကူအညီရဖို့ ကျနော်တို့ လိုအပ်တယ်” ဟုလည်း သူပြောသည်။
ရွေးကောက်ခံအစိုးရကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံတွင် အကျပ်အတည်း ဆိုက်ရောက်နေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ပါတီက အနိုင်ရသည့် နိုဝင်ဘာလက ရွေးကောက်ပွဲတွင် မသမာမှုများရှိသည်ဟု စစ်တပ်ကအကြောင်းပြပြီး အာဏာသိမ်းသည်။ ထိုစွပ်စွဲချက်များကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချသည်။
ဆန္ဒပြပွဲများကို နိုင်ငံအနှံ့အပြားတွင် ကျင်းပကြပြီး ပိုမိုပြင်းထန်သော ဖြိုခွဲမှုများနှင့် ရင်ဆိုင်နေရသည်။ အနည်းဆုံး လူ ၁၈၀ ကျော် သေဆုံးပြီးဖြစ်ကြောင်း ပြည်တွင်းရှိ လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်သော နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း ကပြောသည်။
စစ်အာဏာသိမ်းမှုကို အဆုံးသတ်ရန် လိုအပ်သည့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရန် ဦးကျော်မိုးထွန်းက ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂသို့ မေတ္တာရပ်ခံသည်။ နောက်တနေ့တွင် စစ်ကောင်စီက သူသည် နိုင်ငံကို သစ္စာဖေါက်သည်ဟုဆိုကာ ရာထူးမှ ထုတ်ပယ်သည်။
စစ်ကောင်စီက ဦးကျော်မိုးထွန်း၏လက်ထောက် ဦးတင်မောင်နိုင်ကို ကုလသမဂ္ဂဆိုင်ရာ ခေတ္တမြန်မာသံအမတ် အဖြစ် ခန့်အပ်သည်။ ဦးတင်မောင်နိုင်က ရာထူးမှ နုတ်ထွက်လိုက်ပြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး အကြီးအကဲအဖြစ် ဆက်လက်ရှိနေသည်။
ကုလသမဂ္ဂသည် စစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုပေ။ ကုလသမဂ္ဂ ပြောခွင့်ရသူ စတက်ဖိန်း ဒူဂျာရစ်က “နယူးယောက်က ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုမှု အပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်တို့ကို ဆက်သွယ်လာတာ မရှိသေးဘူး” ဟုပြောသည်။
ဝါရှင်တန်ဒီစီနှင့် လန်ဒန်တွင် တာဝန်ထမ်းဆောင်နေသော သူများအပါအဝင် အခြားအဆင့်မြင့် မြန်မာ သံတမန်များကလည်း စစ်ကောင်စီကို ဆန့်ကျင်ပြောကြားကြသည်။
အရေးယူပိတ်ဆို့မှုများသည် ပြည်သူများကို မထိခိုက်သင့်
ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ အမျိုးမျိုးသော သဘောထားများကို လေးစာကြောင်း ဦးကျော်မိုးထွန်း ပြောသည်။
“သူတို့မှာ သူတို့ရဲ့ကိုယ်ပိုင် သဘောထားနဲ့ ရပ်တည်ချက်ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ သူတို့ကို လေးစားရမယ်” ဟု သူပြောသည်။

လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်မချပါက အခြားနည်းလမ်းတခုမှာ မြန်မာစစ်ကောင်စီထံ ငွေကြေးစီးဆင်းခြင်းကို ဖြတ်တောက်ရန် စိတ်တူကိုယ်တူ နိုင်ငံများ မဟာမိတ်ဖွဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လုပ်ပါက စစ်ကောင်စီကို အခက်အခဲဖြစ်စေနိုင်ကြောင်း ဦးကျော်မိုးထွန်းပြောသည်။
“ နိုင်ငံတော်အာဏာကို မြန်မာပြည်သူတွေထံ ပြန်လည်ပေးအပ်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးဖို့ အခြားလမ်းကြောင်းတွေ ရှိသင့်တယ်” ဟုလည်း သူပြောသည်။
ယခုအပတ် အစောပိုင်းက အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီး နှစ်ဦးနှင့် ၎င်းတို့ပိုင် ကုမ္ပဏီ ၆ ခုကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ထိုသို့အရေးယူခြင်းသည် လတ်တလောတွင် နောက်ဆုံးအရေးယူမှုများဖြစ်သည်။ ဗြိတိန်၊ ဥရောပ သမဂ္ဂနှင့် ကနေဒါနိုင်ငံများသည်လည်း စစ်ကောင်စီနှင့် ၎င်းတို့၏ မဟာမိတ်များကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ သောမတ် အင်ဒရူး ကလည်း စစ်ကောင်စီထံ ဘဏ္ဍာရေး စီးဆင်းမှု ရပ်တန့်စေရေး အတူတကွ လုပ်ဆောင်နိုင်သော နိုင်ငံများ မဟာမိတ်အဖွဲတခုကို အဆိုပြုခဲ့သည်။
စစ်ကောင်စီကို ဘဏ္ဍာရေးအရ ဖိအားပေးခြင်းအပေါ် ပစ်မှတ်ထားသင့်ကြောင်း ဦးကျော်မိုးထွန်းပြောသည်။
“မြန်မာပြည်သူတွေကို ထိခိုက်စေမယ့် သက်ရောက်မှုအနည်းဆုံးဖြစ်အောင် ကျေးဇူးပြုပြီး လုပ်ကြပါ။ ဒီအချက်က အရေးကြီးတယ်။ ဒီအချက်က နိုင်ငံအတွက် အရေးကြီးတယ်” ဟု သူပြောသည်။
ASEAN နည်းလမ်းတွင် အကန့်အသတ်များ ရှိနေ
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် အခြေအနေ ပုံမှန်ပြန်လည်ရောက်အောင် ကူညီနိုင်သည်ဆိုသည့် စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်၏ သုံးသပ်ချက်များကို သဘောတူ မတူမေးသောအခါ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က အဖွဲ့ဝင်နိုင်ငံများသည် ပြဿနာများကို ငြိမ်းချမ်းချစ်ခင်စွာ ဖြေရှင်းရေး တနိုင်ငံက တနိုင်ငံကို ကူညီလိုသည်ကို သံသယမရှိကြောင်းပြောသည်။
“တချိန်တည်းမှာပဲ ASEAN အလုပ်လုပ်တဲ့ နည်းလမ်းမှာ အကန့်အသတ်တွေရှိနေတယ်။ ASEAN မှာ ကျနော်တို့ ဘာပဲလုပ်လုပ် အားလုံးသဘောတူမှ လုပ်ကြတယ်။ တခါတခါကျတော့ အားလုံးသဘောတူမှ ဆိုတာက အခြေအနေတွေကို နည်းနည်းရှုပ်ထွေးစေတယ်”ဟု သူပြောသည်။
“ အချိန်က မြန်မာပြည်သူတွေအတွက် အရမ်းအရေးကြီးတယ်၊ အထူးသဖြင့် အရပ်သားတွေ အပြစ်ကင်းမဲ့တဲ့ အရပ်သားတွေအတွက်ပေါ့။ မြန်မာပြည်သူတွေကို အကာအကွယ်ပေးတဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှု ကျနော်တို့လိုတယ်။ ကျနော်တို့ တောင့်တနေတာ ဒါပဲ။ ASEAN မိသားစုဝင်တွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းဆီက ကျနော်တို့ မျှော်လင့်နေတာ ဒါပဲ ” ဟု သူပြောသည်။
CNA သတင်းဌာနနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း တို့ တွေ့ဆုံမေးမြန်းခန်း (ရုပ်/သံ)
မတ်လ ၂ ရက်နေ့က ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် အလွတ်သဘော အစည်းအဝေးကျင်းပခဲ့ပြီးနောက် အကြမ်းဖက်မှု ရပ်တန့်ရေးကို တိုက်တွန်းပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းသော အဖြေရရှိရေးအတွက် ဆွေးနွေးပွဲများ စတင်သင့်ကြောင်းပြောသည်။
ထိုအစည်းအဝေးမတိုင်မီက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီသည် ဘန်ကောက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးကိုယ်စားလှယ် ဝဏ္ဏမောင်လွင်တို့နှင့် သုံးပွင့်ဆိုင်တွေ့ဆုံခဲ့သည်။
ASEAN အဖွဲ့ဝင် နိုင်ငံများက စစ်ကောင်စီနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ဆွေးနွေးပွဲများပြုလုပ်ခြင်းသည် အသုံးဝင် မဝင်နှင့် ပတ်သက်ပြီးပြောကြားရာတွင် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအနေဖြင့် စစ်ကောင်စီကို အသိအမှတ်မပြုရန် သူပြောကြားထားပြီးဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့က အဲဒီလိုဆွေးနွေးပွဲတွေ ဖြစ်စေချင်တာပေါ့” ဟု သူပြောပြီး ထိုသို့ဆွေးနွေးရန် ပထမဆုံး လိုအပ်သော အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ဥပဒေမဲ့ဖမ်းဆီးထားသူများအားလုံးကို လွှတ်ပေးရန်လိုကြောင်း အလေးထားပြောသည်။
“သူတို့တွေကို လွှတ်ပေးဖို့က ကျနော်တို့အားလုံးအတွက် အရမ်းကို အရေးကြီးတယ်။ ဒီလိုမှ မလုပ်ရင် အဓိပ္ပါယ်ပြည့်၀ စစ်မှန်တဲ့ ဆွေးနွေးပွဲ မဖြစ်နိုင်ဘူး။ ဒါကတော့ ကျနော့် တဦးချင်းအမြင်ပါ” ဟု သူပြောသည်။
ဦးကျော်မိုးထွန်းသည် လွန်ခဲ့သော အောက်တိုလာလကမှ နယူးယောက်တွင် မြန်မာသံအမတ် ရာထူးကို စတင်ထမ်းဆောင်ခြင်းဖြစ်သည်။
ထိုရာထူးမတိုင်မီက ဦးကျော်မိုးထွန်းသည် ဂျီနီဗာရှိ ကုလသမဂ္ဂရုံးနှင့် အခြားနိုင်ငံတကာရုံးများနှင့် လက်နက်ဖျက်သိမ်းရေးညီလာခံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ထိုမတိုင်မီက သူသည် အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဆွစ်ဇာလန်နှင့် အမေရိကန် ပြည်ထောင်စုတို့တွင် သံတမန်အဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။
စစ်ကောင်စီကို အဆုံးစွန်အထိ ပြန်တိုက်မယ်
ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ ကုလသမဂ္ဂမိန့်ခွန်းအပြီးတွင် စစ်ကောင်စီက သူ့ကိုအရေးယူမည်ဟု မျှော်လင့်ထားပြီးဖြစ်ကြောင်း CNA တွေ့ဆုံမေးမြန်းစဉ် ဦးကျော်မိုးထွန်း ပြောသည်။
“စစ်အာဏာသိမ်းမှု အဆုံးသတ်သည်အထိ စစ်ကောင်စီကို အဆုံးစွန်အထိတိုက်မယ်လို့ အစကတည်းက ဆုံးဖြတ်ထားပြီးသားပါ။ ဒါဟာ မြန်မာပြည်သူတွေအတွက် ကျနော့်ရဲ့ဆုံးဖြတ်ချက်နဲ့ကျနော့် ဆန္ဒပဲ” ဟု သူပြောသည်။
“ ဒါကြောင့်မို့လို့ ကျနော်ဟာ နယူးယောက်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ဆောင်ရွက်နေမှာ ဖြစ်ပါတယ်” ဟုလည်း သူပြောသည်။
ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားပြိးနောက် မြန်မာသံရုံးတွင် အုံကြွမှု အများအပြား မျှော်လင့်ထားခဲ့ပါသလားဟု မေးမြန်းသောအခါ ဦးကျော်မိုးထွန်းက သူ၏ လုပ်ဖေါ်ကိုင်ဖက်များသည် သူ့ကိုချီးကျူးကြသော်လည်း လူတိုင်း လူတိုင်းသည် ၎င်းတို့ကိုယ်တိုင်နှင့် မြန်မာနိုင်ငံတွင် ကျန်ရစ်သော မိသားစုများအတွက် စိုးရိမ်နေကြကြောင်းပြောသည်။
“ကျနော်တို့ ပြည်သူအားလုံးက စစ်အာဏာသ်ိမ်းတာ မကြိုက်ဘူး။ စစ်အာဏာသိမ်းမှုကို အမြန်ဆုံး အဆုံးသတ်စေချင်တယ်။ ဒါဟာ ပြည်သူ့ဆန္ဒပဲဖြစ်တယ်။ ဒါပေမယ့် တယောက်နဲ့တယောက် ရေချိန် အနိမ့်အမြင့်ကတော့ နည်းနည်းပါးပါး ကွာရင်ကွာမှာပေါ့” ဟု သူပြောသည်။
သူ၏ဆောင်ရွက်ချက်များကြောင့် သူ၏မိဘများနှင့် မိသားစုဝင်များအတွက် အန္တရာယ်ဖြစ်မည်ကို သူကိုယ်တိုင်လည်း စိုးရိမ်ကြောင်း သူပြောသည်။
“ ဒါပေမယ့် ကျနော့် မ်ိန့်ခွန်းပြောပြီးတဲ့အခါကျတော့ မိဘတွေက ကျနော့်အတွက် ဂုဏ်ယူတယ်လို့ပြောလို့ စိတ်ချမ်းသာရတယ်” ဟု သူပြောသည်။
ကိုးကား။ ။ CNA
You may also like these stories:
စစ်အာဏာသိမ်းမှုက ဖွင့်လှစ်ပေးလိုက်သော မျှော်လင့်ခြင်းတံခါးများ
စစ်အာဏာရှင်က တရားစွဲမှုအတွက် ဂုဏ်ယူတယ်လို့ ဒေါက်တာဆာဆာ တုန့်ပြန်
စစ်တပ်အာဏာမြဲဖို့ အလုပ်လက်မဲ့ဘဝတွေ ဘယ်လောက်စတေးရဦးမလဲ