Open Society ဖောင်ဒေးရှင်း၏ မြန်မာရုံးခွဲဝန်ထမ်းတဦးဖြစ်သူ ဒေါ်ဖြူပပသော်ကို စစ်တပ်က ထိန်းသိမ်းလိုက်ပြီး လွတ် မြောက်နေသည့် အခြားဝန်ထမ်း ၁၁ ဦးကိုလည်း အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်၏ Open Society ဖောင်ဒေးရှင်းမှ တဆင့် မြန်မာနိုင်ငံ အခြေစိုက် Open Society Myanmar အဖွဲ့ထံသို့ တရားမဝင် ငွေကြေးစီးဆင်းမှုများ ရှိခဲ့သည်ဟုဆိုကာ အမေရိကန် ဒေါ်လာ ၅ သန်းကို စစ်တပ်က ထိန်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ မြန်မာ စင်တာ Tower အမှတ်(၁)တွင် ရုံးခန်းဖွင့်လှစ်ထားသည့် Open Society Myanmar အဖွဲ့ သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က ရန်ကုန်မြို့၊ ဝါးတန်းလမ်းရှိ အသေးစား နှင့်အလတ်စားလုပ်ငန်းများ ဖွံ့ ဖြိုးရေးဘဏ် (SMED) ဘဏ်တွင် စာရင်းဖွင့်အပ်ငွေ ဒေါ် လာ ၁၀၀ ဖြင့် ဘဏ်စာရင်း စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၅ သန်းအား Open Society Myanmar ဘဏ်အကောင့် သို့ ထည့်သွင်းကြောင်း သိရှိရပါသည်။
Open Society ဖောင်ဒေးရှင်းသည် ၂၀၁၈ ခုနှစ်အတွင်း (SMED) ဘဏ်သို့ အမေရိကန် ဒေါ်လာ ၅ သန်းပေးပို့မှုနှင့် ပတ် သက်၍ ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာနသို့ လိုအပ်သော စာရွက်စာတမ်းများနှင့် အတူ ခွင့်ပြုချက် ရယူရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အမေရိကန် ဒေါ်လာ ၅ သန်းနှင့် ပတ်သက်၍ SMED ဘဏ်နှင့် Open Society Myanmar အကြား နားလည်မှု စာချုပ် တ ရပ် အနေဖြင့် ချုပ်ဆိုထားကြောင်း၊ SMED ဘဏ်တွင် အဆိုပါ ဒေါ်လာ ၅ သန်းအား အတိုးမဲ့ အပ်နှံထားခြင်းဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၅ သန်း သုံးစွဲမည့်ကိစ္စနှင့်ပတ်သက်၍ စာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် ကုန်ဆုံး မည်ဖြစ်ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စတင်အပ်နှံခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ Deposit အပ်ငွေ ၅ သန်းသာရှိပြီး ထပ်တိုး ထည့်သွင်းခြင်း မရှိခဲ့ ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် SMED ဘဏ်၌ ထည့်သွင်းထားသည့် အမေရိကန်ဒေါ်လာ ၅ သန်း အနက်မှ ၁.၄ သန်းခန့်ကို တစ်ဒေါ်လာလျင် မြန်မာငွေ ၁၄၀၀ ကျပ် ဈေးနှုန်းဖြင့် လဲလှယ်ရရှိငွေ ကျပ်သိန်းပေါင်း ၁၉,၉၉၉ သိန်းကို လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီဘဲ တရားမဝင် ထုတ်ယူသွားခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
ထုတ်ယူခဲ့သည့် မြန်မာငွေကျပ်သိန်းပေါင်း ၁၉,၉၉၉ သိန်းထဲမှ ဝန်ထမ်းလစာစရိတ်၊ လုပ်ငန်းသုံးပစ္စည်းများဝယ်ယူရန်နှင့် စီမံကိန်းလုပ်ငန်းသုံးငွေ၊ ဝန်ထမ်း ၉ ဦးထောက်ပံ့ငွေများ ပေးချေရန်အတွက် ငွေကျပ် သိန်း ၆,၀၀၀ ကို Open Society Myanmar ၏ ဘဏ္ဍာရေး မန်နေဂျာ ဒေါ်ဖြူပပသော်က အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါက်တာမျိုးမြင့်အောင်ထံမှ ခွဲဝေ လက်ခံရယူခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။
ကျန်ငွေ ကျပ်သိန်းပေါင်း ၁၃,၉၉၉ သိန်းအား ဒေါက်တာမျိုးမြင့်အောင်မှ Scholarship လုပ်ငန်းစဉ်အတွက် သုံးစွဲမည်ဟု ပြောဆို၍ ယူဆောင်သွားခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်ခန့်တွင် နေပြည်တော်ရှိ NGO အဖွဲ့များမှ CDM လှုပ်ရှားမှုများကို ငွေကြေးပံ့ပိုးနေကြောင်း ပြောဆိုသံများကြားသိခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ဒေါ်ဖြူပပသော်မှ ဒေါက်တာ မျိုးမြင့်အောင်အား ရုံးလုပ်ငန်းစည်းမျဉ်း၊ Strategy နှင့် မကိုက်ညီသည့် လုပ်ငန်း များ၌ အဆိုပါငွေကျပ်သိန်းပေါင်း ၁၃,၉၉၉ သိန်းအား မသုံးစွဲသင့်ကြောင်း ဖုန်းဖြင့်ဆက်သွယ်ကာ သတိပေး ပြောဆိုခဲ့ သည်ဟု ဆိုသည်။
သို့သော်လည်း ဒေါက်တာမျိုးမြင့်အောင်သည် ငွေကျပ်သိန်းပေါင်း ၁၃,၉၉၉ သိန်းနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေသည် ဟု စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းငွေကြေးများသည် CDM လှုပ်ရှားမှုအထောက်အပံ့အဖြစ် စီးဆင်းသွားနိုင်သည့်အတွက် Open Society Myanmar မှ ဒေါ်ဖြူပပသော်အား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်မှစ၍ စစ်တပ်က ထိန်းသိမ်းခဲ့သည်။
ကျန်ရှိသည့် ဖောင်ဒေးရှင်း ဥက္ကဌ ဦးစစ်နိုင်၊ ဒုတိယ ဥက္ကဌ ဒေါ်မြင့်စု၊ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မျိုးမြင့်အောင်၊ ပရိုဂရမ် မန်နေရာ ဦးစောဝါးထူးဘဆိုင်၊ စီမံရေး အရာရှိ ဦးဝင်းကျော်ကျော်ဦး၊ ပရိုဂမ် အရာရှိ ဒေါ်မေမိုးခိုင်၊ ဦးအောင် အောင်လှိုင်၊ ဒေါ်ခါန်နန်း၊ ပရိုဂရမ်နှင့် စီမံရေးရာ ကျွမ်းကျင်သူ ဒေါ်စုစုအောင်၊ စာရင်းကိုင် ဒေါ်ဇာခြည်ဝင်းထွန်းနှင့် နည်းပညာ အထောက်အကူ ဦးမျိုးကြည်သာစံတို့ကိုလည်း အရေးယူနိုင်ရန် စစ်တပ်က ရှာဖွေနေသည်။
ထို့အတူ Open Society Myanmar အဖွဲ့အစည်းသည်လည်း အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေစည်းမျဉ်းများအား ချိုးဖောက်ခဲ့ ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဥပဒေအရ အရေးယူမှုများ ဆောင်ရွက်မည်ဟု စစ်တပ်က ပြောသည်။
ထို့ပြင် နိုင်ငံတကာမှဝင်ရောက်လျက်ရှိသည့် Open Society Myanmar ၏ ငွေစာရင်းအကောင့်များ၏ ငွေကြေး စီးဆင်းမှု များကိုပါ ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်း ၂၄ ခုအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စစ်ဆေး မှုများပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
ဘဏ် ၂၄ ခု အနက် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်(SMED)နှင့် သမဝါယမဘဏ်(CB)ဘဏ်စသည့် ပုဂ္ဂလိကဘဏ် ၄ ခုတွင် စုစုပေါင်းအမေရိကန် ဒေါ်လာ ၃.၈၁ သန်းနှင့် မြန်မာကျပ်ငွေ ၃၇၅ သန်းအပ်နှံထားကြောင်း တွေ့ရှိရသဖြင့် ယင်းဘဏ်အကောင့်များကိုပါ စစ်တပ်က ထိန်းချုပ်ခဲ့သည်။
SMED က ဗဟိုဘဏ်၏ ခွင့်ပြုချက်မရဘဲ အမေရိကန် ဒေါ်လာ ၅ သန်းအား ထည့်သွင်းခဲ့ခြင်း၊ အမေရိကန်ဒေါ်လာ ၁.၄ သန်းအား မြန်မာငွေဖြင့် လဲလှယ်ထုတ်ယူခြင်းအား Electronic Reporting System – ERS စနစ်ဖြင့် ဗဟိုဘဏ်သို့ သ တင်းပေးပို့ရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ ငွေရေးကြေးရေး အဖွဲ့ အစည်းများ ဥပဒေ၊ ငွေ ကြေး ခဝါချမှုတိုက်ဖျက်ရေး ဥပဒေတို့ဖြင့် အရေးယူခံရမည်ဟု သိရသည်။
မြန်မာပြည်တွင် တည်ထောင်ထားသည့် Open Society Myanmar (OSM) ဝန်ထမ်းအမျိုးသမီး ဒေါ်ဖြူပပသော်ကို ပြန် လွှတ်ပေးရန် သူဌေးကြီး ဂျော့ဆိုးရော့စ်က မနေ့က တောင်းဆိုလိုက်ကြောင်း ရိုက်တာ သတင်းတရပ်တွင် ဖော်ပြသည်။
၎င်းတို့၏ ဖောင်ဒေးရှင်းအနေဖြင့် ဘဏ္ဍာရေးအရ မမှန်မကန် လုပ်သည်ဆိုသည့် စွပ်စွဲချက်များသည်လည်း မှားယွင်း သည်ဟု ဂျော့ဆိုးရောစ့်က ပြောဆိုကြောင်း ရိုက်တာသတင်းက ဆိုသည်။
စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့ ၂၀၁၆ ခုနှစ်တွင် တွေ့ဆုံပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ Open Society ဖောင်ဒေးရှင်း၏ လက်ခွဲ တခုအဖြစ် Open Society Myanmar ကို ဖွင့်လှစ်ရေးအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
You maya also like these stories:
ကျနော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းထံက အကာအကွယ်ကို လိုအပ်နေပါတယ်
စစ်အာဏာရှင်က တရားစွဲမှုအတွက် ဂုဏ်ယူတယ်လို့ ဒေါက်တာဆာဆာ တုန့်ပြန်
စစ်အာဏာသိမ်းမှုက ဖွင့်လှစ်ပေးလိုက်သော မျှော်လင့်ခြင်းတံခါးများ