သတင်း

စစ်တပ်နှင့်ရဲ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ပြီ

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ၄၄ ရက်အတွင်း စစ်တပ်နှင့်ရဲ၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသည့် ပြည်သူ ၂၀၂ ဦးအထိ ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် ပြည်သူလူထုကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၁၆ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူ ၂,၁၈၁ ဦးထိ ရှိပြီဟုလည်း ဆိုသည်။

လက်ရှိ မြေပြင် အခြေအနေအရ မြို့နယ်အသီးသီး၌ အတည်မပြုနိုင်သေးသည့် သေဆုံးသူများ ရှိနေရာ AAPP က ထုတ် ပြန်သည့် စာရင်းထက် သေဆုံးသူ အရေအတွက် ပိုမိုများပြားနိုင်ဖွယ် ရှိသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နှင့် ရဲသည် နေ့အချိန်တွင် ဆန္ဒပြပြည်သူများကို ပစ်ခတ်ဖြိုခွင်း သတ် ဖြတ်ရုံသာမက ညအချိန်များ၌လည်း လူနေရပ်ကွက်များသို့ ဝင်ရောက်ဖမ်းဆီး ပစ်ခတ်မှုများကြောင့် ညစဉ် သေဆုံးမှုများ လည်း ရှိနေသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ တွစ်တာတွင် မတ်လ ၁၆ ရက်နေ့က “မြန်မာပြည်သူတွေ အပေါ် စစ်အာဏာလု အဖွဲ့ရဲ့ အကြမ်းဖက်မှုဟာ ယုတ်မာပြီးတော့ ခွင့်လွှတ်နိုင်စရာ မရှိဘူး” ဟု ရေးသားဖော်ပြထားသည်။

ဒဏ်ရာ ရရှိသူများသည် ဖမ်းဆီးခြင်းခံရကာ ဆေးကုခွင့်မရ၍ အသက်ဆုံးရှုံးသွားခြင်း၊ ဖမ်းဆီးခြင်းခံရစဉ် ညှဉ်းပန်းနှိပ်စက် ခံရသောကြောင့် အသက်ဆုံးရှုံးသွားခြင်း၊ ပစ်သတ်ခံရသောကြောင့် သေဆုံးသွားသူကိုပင် ငဲ့ညှာထောက်ထားခြင်းမရှိဘဲ ဒရွတ်တိုက်ဆွဲခေါ်ခြင်း၊ သေဆုံးသူအလောင်းများကို မိသားစုထံ ပြန်လည်အပ်နှံမှု မရှိခြင်း စသည့် လူမဆန်သော လုပ်ရပ် များကို အာဏာသိမ်းစစ်အုပ်စု၏ လက်ကိုင်တုတ် ရဲနှင့် စစ်တပ်တို့က အထိန်းအချုပ်မဲ့စွာ နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိ သည်။

ထို့ပြင် အာဏာသိမ်း စစ်ကောင်စီက တနေ့တည်း အပြစ်မဲ့ပြည်သူ အမြောက်အမြား သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ် ကို မတ်လ ၁၄ ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သလို ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာနှင့် ဒဂုံ ဆိပ်ကမ်းမြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သည်။

You may also like these stories:

Open Society ဖောင်ဒေးရှင်းမှ မြန်မာဝန်ထမ်းတဦး ထိန်းသိမ်းခံထားရ

ကျနော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းထံက အကာအကွယ်ကို လိုအပ်နေပါတယ်

စစ်အာဏာရှင်က တရားစွဲမှုအတွက် ဂုဏ်ယူတယ်လို့ ဒေါက်တာဆာဆာ တုန့်ပြန်

Loading