ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်း၏ ရုံးခန်းကို ယမန်နေ့ ညပိုင်းက စစ်တပ်နှင့်ရဲက ဝင်ရောက်ဖျက်ဆီးမှု များ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
မတ်လ ၁၆ ရက်၊ ည ၁၀ နာရီဝန်းကျင်တွင် စစ်တပ်နှင့် ရဲအင်အား ၃၀ ဝန်းကျင်က ဝင်ရောက် စီးနင်း ဖျက်ဆီးမှု များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မျက်မြင်တွေ့ရှိသူ တဦးက “ည ၁၀ နာရီလောက်က ဝင်ပြီးတော့ မှန်တွေ ရိုက်ခွဲသွားတယ်။ အကုန်ပျက်စီးသွားတာပေါ့။ ရုံးခန်းက မှန်နဲ့ဆောက်ထားတော့။ လူမရှိဘူး သော့ခတ်ထားတာကို Sun Shade (နေကာအမိုး) ကျော်တက်ပြီးတော့ ရိုက် ခွဲသွားတာ။ အောက်ကနေ Sun Shade ကို လှမ်းတက်လို့ ရတယ်” ဟု ရှင်းပြသည်။
လက်တလောတွင် ပျောက်ရှပစ္စည်း ရှိ၊ မရှိကို ရုံးခန်းအတွင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
၎င်းက “အရေးကြီးတာ ဘာပါသွားလဲလို့ သွားပြန်စစ်နေတယ်။ ခုနက သွားတုန်းက အကုန်ရိုက်ခွဲသွားတဲ့ အခါကျတော့ လူနင်းလို့ မရဘူး။ မှန်ကွဲစတွေဘာတွေနဲ့ဆိုတော့ သန့်ရှင်းရေး သွားလုပ်ပြီးမှ ကျန်တဲ့ပစ္စည်းတွေ သွားပြန်ယူတာပေါ့” ဟု ဆိုသည်။
CRPH အဖွဲ့ဝင် တဦးဖြစ်သည့် ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်၏ နေအိမ်ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်တပ်နှင့်ရဲ အင်အား အများအပြားဖြင့် အကြမ်းဖက် ဝင်ရောက်ခဲ့ပြီး ဦးစည်သူမောင်၏ ဖခင် ဦးပီတာကို ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။
ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးစည်သူမောင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သူ ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်ကိုလည်း မတ်လ ၆ ရက်နေ့ ညပိုင်းက ဖမ်းဆီး သွားခဲ့ပြီးနောက် မတ်လ ၇ ရက်နေ့တွင် သေဆုံးခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ဝရမ်းထုတ်ထားသလို CRPH ၏ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သူတချို့ကိုလည်း နိုင်ငံတော်သစ္စာဖောက် ဖျက် ပုန်ကန်မှုဖြင့်ပါ အရေးယူ ဆောင်ရွက်ထားမှုများ ရှိသည်။
တဖက်တွင်လည်း CRPH က အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့် အမှုဖွင့် တရားစွဲဆို ထားသည်။
စစ်တပ်နှင့် ရဲသည် ယခုအခါ NLD ပါတီဝင်များ ထောက်ခံသူများကို လိုက်လံဖမ်းဆီးနေပြီး ဖမ်း၍ မမိသည့်အခါ ဖျက်ဆီးမှုများ ပြုလုပ်ရာ နာရေးကူညီမှု အသင်း(ရန်ကုန်ရုံးချုပ်)ကို ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့ကြသည်။
You may also like these stories:
စစ်အာဏာရှင်က တရားစွဲမှုအတွက် ဂုဏ်ယူတယ်လို့ ဒေါက်တာဆာဆာ တုန့်ပြန်
ကျနော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းထံက အကာအကွယ်ကို လိုအပ်နေပါတယ်
စစ်တပ်နှင့်ရဲ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ပြီ