မြစ်ဆုံစီမံကိန်းအနီး အင်ဂျန်းယန်မြို့နယ်၊ ဂွေထောင်ကျေးရွာတဝိုက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်တပ်တို့ကြား စစ်ရေး တင်းမာမှုများကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ၄၂ ဦး ထပ်မံ ထွက်ပြေးလာသည်ဟု သတင်း ရရှိသည်။
မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာ၊ ကတ်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး စတီဗင်ဆွတ်အောန်က “ဒီမနက်ရောက် လာတာ စုစုပေါင်း ၄၂ ဦးပါ။ ၁၃ ဦးကတော့ ဗုဒ္ဓဘာသာတွေ သူတို့က နေ့စားလုပ်ကိုင်နေသူတွေပါ။ သူတို့က ဆိုင်ကယ်နဲ့ ခရီးဆက်သွားကြပြီ။ အဲဒီထဲက ၅ ဦးက ပလန စစ်ဘေးရှောင်စခန်းကို သွားကြပါပြီ။ ဒီမှာ အခုကျန်နေတာက၂၇ ယောက် ပါ” ဟု ပြောသည်။
အဆိုပါ ၄၂ ဦးသည် မလိဇွပ်ကျေးရွာမှ ဒေသခံများနှင့် ရွှေ့ပြောင်း အလုပ် လုပ်ကိုင်သူများဖြစ်ကြပြီး မတ် ၁၆ ရက်ညက KIA နှင့် စစ်တပ်ကြား လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်ခြင်းကြောင့် တိုက်ပွဲဆက်ဖြစ်ပါက ကြားညှပ်မည်ကို စိုးရိမ် သဖြင့် ယနေ့ မနက်တွင် မလိခမြစ်ကို ဖြတ်ကူးကာ ထွက်ပြေးလာကြခြင်း ဖြစ်သည်။
မတ် ၁၆ ရက်ကလည်း ဂွေထောင်ကျေးရွာအနီး တိုက်ပွဲများကြောင့် ဂွေထောင်ကျေးရွာ၊ တန်ဘောင်ယန်ကျေးရွာ တို့မှ ဒေသခံ ၂၀၀ ကျော်မှ နေအိမ်များမှ ထွက်ပြေးကာ မလိခမြစ်ကို ဖြတ်ကူးကာ မြစ်ကြီးနားမြို့နယ်ဘက်သို့ ရောက်လာကြ သည်။
ထိုစစ်ဘေးရှောင်များသည် မြစ်ကြီးနားမြို့ရှိ ပလန စစ်ဘေးရှောင်စခန်း၌ သွားရောက် ခိုလှုံရန် စီစဉ်သော်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးမှ ဖြတ်သန်းခွင့် မပြုဟု ဆိုကာ လမ်းပိတ်ထားခဲ့သည်။
ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) က ကြားဝင်ညှိနှိုင်းပေးသဖြင့် ည ၁၀ နာရီခန့်ရောက်မှ စစ်ဘေးရှောင် များသည် ပလန စစ်ဘေးရှောင်စခန်းသို့ ရွှေ့ပြောင်းနိုင်ခဲ့သည်။
အင်ဂျန်းယန်မြို့နယ်တွင်း မြစ်ဆုံစီမံကိန်း ဧရိယာနှင့် အနီးဆုံးဖြစ်သည့် ဂွေထောင်ကျေးရွာတဝိုက်က စစ်တပ်၊ တပ်စခန်း တခုကို KIA က မတ် ၁၅ ရက်၊ ညနေပိုင်းက ဝင်တိုက်ခိုက်ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခြင်း ဖြစ်သည်။
မတ် ၁၆ ရက်၊ မနက်ပိုင်းတွင် ပစ်ခတ်သံအချို့ကြားရပြီး အခြေအနေငြိမ်သွားသော်လည်း ည ၇နာရီမှ ၁၂ နာရီကျော် အထိ လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက်ကြားနေခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
PCG အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက “မနေ့က လက်နက်ကြီးတွေနဲ့ တဖက်နဲ့တဖက် ပစ်ကြတယ်။ ထိပ်တိုက် တိုက်ကြတာတော့ မဟုတ်ဘူး” ဟု ပြောသည်။
KIA နှင့် စစ်တပ်သည် ပဏာမအပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေး ဆွေးနွေးမှုကို အထောက်အကူ ဖြစ်စေရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှ စ၍၂၀၂၁ ခုနှစ်၊ ဇန်နဝါရီအထိ ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှုများ မရှိရန် ညှိနှိုင်းထိန်းချုပ် ခဲ့ပြီး ထိုနှစ်ဖွဲ့ကြား ပဋိပက္ခမဖြစ်ရေးအတွက် PCG ကလည်း ကြားဝင်ညှိနှိုင်းမှုများ လုပ်ပေးခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒပြနေသည့် လူထုကို ပစ်ခတ် သတ်ဖြတ်ခြင်း မလုပ်ရန် PCG မှ တဆင့် KIA က စစ်တပ်ကို စကားပါးသော်လည်း ပြေလည်ခြင်း မရှိခဲ့ပါ။
မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့ပေါ်၌ ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွင်းရာ အမျိုးသား ၂ ဦး သေဆုံးခဲ့သည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရပြီး ၃ ရက် အကြာ၊ မတ် ၁၁ ရက်၊ မနက် ၃ နာရီကျော်တွင် KIA က ဖားကန့်မြို့နယ်ရှိ စစ်တပ် စခန်းတခုကို စတင်ထိုးစစ်ဆင်မှု ပြုလုပ်ခြင်း ဖြစ်သည်။
ဦးလမိုင်ဂွမ်ဂျာက “၂၀၁၁ က တကျော့ပြန်ဖြစ်တဲ့ တိုက်ပွဲကနေ ၁၀ နှစ်လုံး KIA က ခံစစ်လုပ်လာခဲ့တာ။ အခုမှ ထိုးစစ် ပြန် ဖြစ်လာတာ ဘာအကြောင်းကြောင့်လဲဆိုတာ ကျနော်တို့ မသိပေမယ့် ဒီလိုဆက်တိုက်ဖြစ်လာရင် တိုက်ပွဲတွေက ပြင်းထန် ကြီးမာလာနိုင်တယ်။ ကျနော်တို့ အများကြီး စိုးရိမ်မှု ရှိပါတယ်။ (ဆန္ဒပြလူထု ပစ်ခတ်သတ်ဖြတ်ခံရတာ) အဲဒါလည်း တစိတ်တပိုင်း ပါမယ်လို့ ကျနော်တို့ ထင်တယ်” ဟု ပြောသည်။
KIA မှ စတင်၍ စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများနှင့် ပတ်သက်၍ မေးမြန်းရာ KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက စစ်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများတွင် အတိအကျ ထုတ်ဖော် ပြောဆိုခြင်းများ ပြုလုပ်မည် မဟုတ်ဟု ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “စစ်ရေးနဲ့ ပတ်သက်လို့ အတိအကျတော့ ပြောလို့မရဘူး။ ဒါပေမယ့် တပ်မတော်ဘက်က စစ်ရေး လှုပ်ရှားမှုတွေ ရှိလာလို့ ရှိရင် ကျနော်တို့ဘက်ကနေလည်း လက်ဦးမှုရအောင်ဆိုပြီး ရှေ့က တပ်မှူးတွေ စီစဉ်တဲ့ တိုက်ပွဲ တွေ ဖြစ်နိုင်တယ်လို့ ကျနော် သုံးသပ်ပြောချင်ပါတယ်” ဟု ပြောသည်။
KIA နှင့် စစ်တပ်သည် ကချင်ပြည်နယ်တွင် သာမက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို့နယ်အတွင်း၌လည်း ဖေဖော် ဝါရီမှစ၍ တိုက်ခိုက်မှုများ၊ စစ်ရေးတင်းမာမှုများ ရှိနေသည်။
မူဆယ်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများမှာ စစ်တပ်ဘက်က စတင်ထိုးစစ်ဆင်ခြင်း ဖြစ်သည်ဟု KIA က ပြောဆို ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်သည့် KIA ၏ တပ်မဟာ ၄၊ တပ်မဟာ ၆ ၊ တပ်မဟာ ၁၀ တို့အနေဖြင့် လူနေ ကျေးရွာများနှင့် တရုတ်နိုင်ငံ၏ ဂတ်စ်ပိုက်လိုင်းများကို ရှောင်ပြီး စစ်တပ်ကို တိုက်ခိုက်ပါဟူသည့် အမိန့်ကို KIA ထိပ်သီး ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်ချုပ်ဂွန်မော်က မတ် ၁၁ ရက်တွင် လက်မှတ်ရေးထိုးကာ ၎င်း၏ တပ်မဟာများကို ညွှန် ကြားချက်များ ပေးပို့ထားသည်။
KIA နှင့် ဖြစ်ပွားနေသည့် စစ်ရေး အခြေအနေများနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီဘက်မှ တစုံတရာ ထုတ်ပြန် ကြေညာခြင်း မရှိပါ။
အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်မည်ဟုဆိုကာ KIA ပါဝင်သည့် မြောက် ပိုင်းမဟာမိတ် ၄ ဖွဲ့ကိုလည်း ပဏာမ အပစ်ရပ်စာချုပ် (Bilateal) တစောင် ချုပ်ဆိုနိုင်ရေး ဆက်ဆွေးနွေးရန် ကမ်းလှမ်း ထားသည်။
စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် လုပ်ဆောင်နိုင်မည် မဟုတ် ကြောင်း PCG မှ တဆင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့က အကြောင်းပြန်ထားသည်ဟု သိရသည်။
လက်ရှိတွင် စစ်တပ်နှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့် KIA သည် အပစ်အခတ်ရပ်စဲရေးစာချုပ် တစုံတရာ လက်မှတ်ရေး ထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သည်။
You may also like these stories:
စစ်တပ်နှင့် KIA တို့ တိုက်ပွဲကြောင့် ဒေသခံ၂၀၀ ကျော် နေရပ်စွန့်ခွာ
စစ်တပ်နှင့်ရဲ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ပြီ