စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့အနီး ခန်သာရဲကင်းမှ လက်နက်များ ပျောက်ဆုံးသည် ဟုဆိုကာ စစ်တပ်အင်အား အများအပြားဖြင့် တရွာဝင် တရွာထွက် လိုက်လံ ရှာဖွေလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၏ သေနတ် ၅ လက် ပျောက်ဆုံးနေခြင်းဖြစ်ပြီး ၄ လက်ကို ပျက်စီးလျက်တွေ့ရှိကာ ကျန် ၁ လက်ကို လိုက်လံရှာဖွေနေခြင်း ဖြစ်ကြောင်း သိရသည်။
“လက်နက် ၅ လက်ပါ သွားတာ ၄ လက်ကတော့ ဖျက်ဆီးပြီးတော့ ပစ်ထားတာ တွေ့တယ်လို့ ပြောတယ်။ ၁ လက်ကျန် နေသေးလို့ ဆိုပြီးတော့ အဲဒီနားက ရွာတွေ ပတ်ပြီးတော့ ရှာနေတာ၊ အဲဒီနားက အနီးနားရွာတွေကို လိုက်ပြီးတော့ တရွာ ဝင်တရွာထွက် ရှာနေကြတယ်” ဟု ဒေသခံတဦးက ပြောသည်။
ယမန်နေ့က ပြည်သူလူထု၏ ယာယီ ထိန်းသိမ်းမှုကို ခံခဲ့ရသော ကောလင်းမြို့နယ်အပိုင် ခန်သာတိုက်နယ်ရဲကင်းတွင် ရွှေဘိုမြို့မှ တပ်ကူများ ညပိုင်းကတည်းက ရောက်လာပြီး အထိုင်ချထားကာ လက်နက်ပျောက် ရှာနေကြခြင်းဖြစ်သည်။
ကောလင်းမြို့ပေါ်တွင် ပြည်သူများကို ပစ်ခတ်သူများအနက် ကောလင်းမြို့နယ်အပိုင် ခန်သာ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် အချို့ ပါဝင်နေသဖြင့် ခန်သာရဲကင်းစခန်းကို လူထုက ယာယီ ဝင်သိမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယင်းဖြစ်စဉ် နောက်ပိုင်း ရွှေဘိုမြို့နယ်မှ အင်အား ၁၀၀ ခန့် ရှိသော စစ်တပ်တပ်ကူများ ရောက်လာပြီး တရွာဝင် တရွာ ထွက်နေသဖြင့် အချို့ရွာများရှိ ယောက်ျားလေးများ တောထဲဝင်ရောက် ပုန်းအောင်းနေရကြောင်းလည်း ဒေသခံများက ဆိုသည်။
ဒေသခံတဦးက “တချို့ရွာတွေဆိုရင် ယောကျာ်းလေးတွေက တောထဲသွားပြီးတော့ ရှောင်နေရတဲ့ သဘောဖြစ်တယ်။ မနက်ကတော့ ရွာတွေကို ခြောက်ပြီး ပစ်တာမျိုးတော့ ရှိတယ်။ ၁ ယောက်ဖမ်းသွားတယ် ပြောတယ်” ဟု ပြောသည်။
ယမန်နေ့က ကောလင်းမြို့ပေါ်တွင် ရဲသတင်းပေး တဦးကို လူထုက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့ဝင်များ လာရောက်ပြီး ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးပြီး ၄ ယောက် ဖမ်းဆီးခံခဲ့ရသည်။
You may also like these stories:
ကောလင်းတွင် ရဲသတင်းပေးကို စစ်ဆေးနေစဉ် ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး