စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထွက်ပြခဲ့ကြသူများကို စစ်တပ်နှင့် ရဲတို့က ပစ်ခတ် နှိမ်နင်းသဖြင့် မနေ့က ချင်းတိုင်းရင်းသား ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး ဆန္ဒပြခဲ့ကြောင်း၊ မတ်လ ၂ ရက်နေ့တွင် စတင်ဖြိုခွင်းခံရပြီး အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ဆိုသူ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။
“သူကတော့ ကလေးမြို့မှာ ပထမဦးဆုံး ကျဆုံးခဲ့တဲ့သူပေါ့။ မနေ့ကတော့ ၄ ဦးထပ် သေတယ်။ အားလုံးပေါင်း ၅ ယောက် ဖြစ်သွားပြီ”ဟု ကလေးမြို့ခံ ဦးကျော်က ပြောသည်။
မတ်လ ၂ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း ကလေးမြို့တွင် ဆန္ဒပြ သပိတ်ကြောင်းများအားလုံး စုပေါင်း၍ ထွက်ခွင့် မရတော့ဘဲ ရပ်ကွက် အလိုက်သာ ကိုယ့်အစီအစဉ်နှင့်ကို ထွက်ကြချိန် မနေ့က ချင်းတိုင်းရင်းသား အများစု နေထိုင်သည့် တာဟန်းရပ် ကွက်ရှိ တာဟန်း သပိတ်စစ်ကြောင်းသည် မြို့လှရပ်ကွက်သို့ အရောက်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ အဝိုင်းခံခဲ့ရကြောင်း သိရသည်။
စစ်တပ်နှင့် ရဲတို့၏ လှုပ်ရှားမှုမှာ အလွန်မြန်သဖြင့် ထွက်ပြေးကြသော်လည်း လူ ၃၀ ခန့် ပိတ်မိသွားခဲ့ကြောင်း၊ လူနာတင် ယာဉ်များနှင့် ကယ်ထုတ်စဉ်တွင် စတင်အပစ်ခံရခြင်း ဖြစ်ကြောင်း၊ ပထမဆုံး ကျည်ထိသူမှာ ညီမဖြစ်သူ ပိတ်မိနေသဖြင့် လာရောက်ကယ်တင်သူ အကို ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မနက်ပိုင်းမှာတင် ကျဉ်အစစ်ထိလို့သေတာ ၂ ယောက်။ တယောက်ကတော့ ခေါင်းပွင့်သွားတယ်။ တယောက်ကတော့ ရင်အုံကို ထိတယ်။ အဲဒါက ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်မှာဖြစ်တာ။ ပြည်သူလူထုကလည်း စစ်ကားတွေ မလာနိုင် အောင်ဆိုပြီး တချို့ တံတားတွေအပေါ်မှာ ကားတာယာတွေတင်ပြီး မီးရှို့ ကြတာတွေလည်းရှိတယ်။ လမ်းပေါ်မှာလည်း ပျဉ်တိုပျဉ်စတွေ ကားတာယာတွေနဲ့ မီးရှို့တားဆီးတာတွေလည်း တွေ့ရတယ်”ဟု ဒေသခံတဦးက ပြောပြသည်။
မနေ့က နေ့လယ်ပိုင်းတွင် ယာယီငြိမ်သက်သွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် ကလေးမြို့ အနောက်ဘက်ခြမ်း ဗိုလ်ချုပ်လမ်း ပေါ်ရှိ ချင်းတောင်တန်းကားဂိတ်အနီးမှာ လူစုလူဝေး ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဆန္ဒပြခြင်း မဟုတ်လဲ မနက်က ဖြစ်စဉ်ကို မကျေနပ်သည့် ချင်းတိုင်းရင်းသား လူငယ်များက လမ်းများ ပိတ်ဆို့နေစဉ် စစ်တပ်က ထပ်မံပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်။
“ပစ်ခတ်တဲ့အချိန်မှာပဲ ချင်းတိုင်းရင်းသားနှစ်ယောက်၊ နှစ်ယောက်စလုံးကို ခေါင်းကို ထိမှန်ပြီး သေသွားတယ်ပေါ့”ဟု ကလေး ဒေသခံတဦးက ပြောသည်။
ဒဏ်ရာရရှိသူ အနည်းဆုံး ၁၀ ဦး ရှိပြီး ဆေးရုံများ၊ ပုဂ္ဂလိကဆေးခန်းများတွင် တက်ရောက်ကုသနေရကြောင်း၊ ဒဏ်ရာ ရရှိသူများထဲတွင် အသက်အန္တရာယ် စိုးရိမ်ရသူ မရှိတော့ကြောင်း သိရသည်။

သေဆုံးသူ ၄ ယောက်ထဲတွင် အသက် ၂၀ အရွယ် ကိုဒိုဆွမ်ကိမ်းဆိုသူမှာ ဆန္ဒပြဖြစ်စဉ်များအတွင်း စစ်တပ်၏ ပစ်ခတ်မှု ကြောင့် နောက်ပြန်ဆုတ်စဉ် ၎င်းကိုင်ဆောင်ထားသည့် ဒိုင်းကို ဖောက်၍ ခေါင်းကို ကျည်ထိမှန်သွားခြင်း ဖြစ်ကြောင်း အကို ဖြစ်သူ ဒိုချင်းမုန်က ပြောသည်။
ဒိုချင်းမုန်က“နောက်ပြန်ဆုတ်တဲ့အချိန်မှာ သူက ပါသွားတာ။ နောက်ညီလေးတယောက်က နဖူးကို ရာဘာကျည်မှန်လို့ တော်သေးတာပေါ့။ အခုကျည်ထိတဲ့ ကျနော်ညီလေးက ဒိုင်းကာထားတာကို ဖောက်ထွင်းပြီးတော့မှ ခေါင်းကို မှန်တာ။ ကျည်အစစ်ထိတာ။ နောက်ဆုတ်တဲ့အချိန်မှာ ဖြစ်တာ။ တာဟန်းက ဘုရားကျောင်းရှေ့ မှာ ဖြစ်တာ”ဟု ဒိုချင်းမုန်က ပြောသည်။
ကျည်ထိမှန်သဖြင့် ညီဖြစ်သူကို မကောက်နိုင်တော့ဘဲ ထွက်ပြေးခဲ့ရကြောင်း၊ နောက်ပိုင်းတွင် ပြန်စုံစမ်းကြည့်ရာ ကလေး မြို့ စစ်ဆေးရုံတွင် အလောင်းရှိသည်ဟု သိရသဖြင့် အလောင်းရရှိရန် ကြိုးစားနေကြောင်း အကိုဖြစ်သူက ယနေ့ နေ့လယ် ပိုင်းတွင် ဧရာဝတီသို့ ပြောသည်။
“အခု သူ့အလောင်းရဖို့ လာစောင့်နေတာ။ ကျည်ဆန်မှန်တော့ ကျနော်တို့လည်း မကယ်နိုင်တော့ဘူးလေ။ သေတာက ယောကျာ်းလေးတွေချည်းပဲ။ ဒိုဆွမ်ကိမ်းက ကျနော်ညီ တဝမ်းကွဲပါ”ဟု ဒိုချင်းမုန်က ပြောသည်။
မနေ့က ဖြစ်စဉ်ကြောင့် ၁၀ ဦးခန့် အဖမ်းခံခဲ့ရကြောင်း၊ ညနေပိုင်းတွင် ကလေးမြို့ အနောက်ဘက်ခြမ်း တာဟန်းဘက်သို့ စစ်ကားများ ထပ်မံမလာရောက်နိုင်ရန် လမ်းမပေါ်တွင် မီးရှို့ ပြီး အတားအဆီးများ ပြုလုပ်ထားကြောင်း သိရသည်။
မနေ့က ပစ်ခတ်နှိမ်နင်းမှုများ ရှိခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ဆန္ဒပြ သပိတ်စစ်ကြောင်းများ ထပ်မံ ထွက်သေး ကြောင်း၊ သို့သော် စစ်ကားများ ထပ်မံရောက်ရှိလာသဖြင့် လူစုခွဲခဲ့ရကြောင်းလည်း သိရသည်။
“ဒီနေ့ မနက် ၁၀ နာရီမှာတော့ နာရေးရှိတယ်ပေါ့။ ဆုံးသွားတဲ့ ၄ ယောက်ထဲက ၁ ယောက် ပေါ့နော်။ သူ့နာရေး ချဖို့ ရှိ တယ်။ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ထုံးစံအတိုင်း ဆုတောင်းပွဲလုပ်မယ်။ ဆုတောင်းပွဲကလည်း အနည်းဆုံး ၁ နာရီ ခွဲ လောက်ကြာတယ်။ ၁၁ နာရီခွဲလောက်ကို စီးစံသုဿန်ကို ပို့ဆောင်မှာပါ”ဟု ဒေသခံတဦး ဖြစ်သူ ဦးကျော်က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း ကလေးမြို့ အောင်သစ္စာရပ်ကွက်အတွင်းသို့ သေနတ်အချက်ပေါင်း များစွာကို ကျည်အစစ်၊ ရာဘာကျည်များသုံးပြီး ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ ၃ ဦး ရာဘာကျည်ထိမှန်ခဲ့ကြောင်း၊ ယင်း ၃ ဦးထဲမှာ တဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ဒေသခံများက ပြောသည်။
“မတ်လ ၁၄ ရက်နေ့ ညပိုင်းမှာ အောင်သစ္စာရပ်ကွက်ထဲကို ဖြိုခွင်းခံရတာ။ ဖြိုခွင်းခံရတယ်ဆိုတာကလည်း သပိတ် စစ် ကြောင်း လုပ်နေတာ မဟုတ်ဘူး။ သူ့အိမ်နား ကိုယ့်အိမ်နား ညသပိတ်ပုံစံလေး ဆီမီးထွန်းပြီး အော်တယ်။ စစ်သားတွေ လာတဲ့အချိန်မှာ သံဗုံးတီးတယ်။ သံဗုံးတီးတာကို မကျေနပ်တော့ တပ်ပြန်ဆုတ်တယ်။ ဆုတ်ပြီး သူတို့အင်အားခေါ်ပြီးမှ ရပ်ကွက်ကို နောက်တကြိမ်ထပ်ဝင်ပြီးမှ ဒီအတိုင်း ဘလိုင်းကြီး ဝင်ပစ်သွားတာ”ဟု ဒေသခံတဦးက ပြောသည်။
မနေ့က ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ရန် ကလေးမြို့ ရဲစခန်းကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော် လည်း ဖုန်းကိုင်မည့်သူ မရှိပါ။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး ယနေ့အထိ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ကောက်ယူထားသည့် အချက်အလက်များအရ သေဆုံးသူ ၂၁၇ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ခန်သာရဲစခန်းမှ လက်နက်ပျောက်ဟုဆိုကာ တရွာဝင် တရွာထွက် ရှာဖွေနေ
ညောင်ဦးတွင် စစ်တပ်နှင့် ရဲက လူနေအိမ် အတွင်း ဝင်ရိုက်သဖြင့် ဒဏ်ရာရသူများရှိ
CRPH အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ရုံးခန်းကို စစ်တပ်နှင့်ရဲ ဝင်ရောက်ဖျက်ဆီး