မတ်လ ၁၄ ရက်နေ့က ပဲခူးမြို့တွင် သေဆုံးသွားသော ဒုရဲအုပ် ကျော်နိုင်ဦး၏ ဈာပနအတွက် ရဲတပ်ဖွဲ့က ပဲခူးမြို့ခံ နာရေး ကူညီမှုအသင်းတချို့ကို အကူအညီတောင်းခံခဲ့သော်လည်း ကူညီမည့်သူ မရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပဲခူးမြို့ခံ တဦးက “ပဲခူးက ဘယ်အဖွဲ့ကမှ သူတို့ကို မကူညီကြဘူး။ နာရေးကူညီမှုအသင်းကို အသုဘချပေးဖို့ အကူအညီ တောင်းပေမယ့် အဲဒီအဖွဲ့က ငြင်းလိုက်တယ်လို့ ကြားတယ်” ဟု ပြောပြသည်။
အမည်မဖော်လိုသည့် ပဲခူးမြို့ခံ တဦးကလည်း ဒုရဲအုပ်ကျော်နိုင်ဦး၏ ဈာပနကို မတ်လ ၁၆ ရက် နေ့လယ် ၃ နာရီတွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုဿာန်၌ ရဲတပ်ဖွဲ့က လုံခြုံရေး အပြည့်ဖြင့် အသုဘ ချလိုက်ကြောင်း၊ သို့သော် ပုံမှန်မြို့ခံများ အသုံးပြုလေ့ရှိသည့် ရွှေသာလျောင်းဘုရားလမ်းကို အသုံးမပြုဘဲ ပဲခူးမြို့ရှောင်လမ်းကိုအသုံးပြု၍ အသုဘ ချခဲ့ခြင်းဖြစ် ကြောင်း ရှင်းပြသည်။
၎င်းက “သူတို့ သမာရိုးကျလမ်းက အသုဘချတာ မဟုတ်ဘူး။ အဲဒါကို ကြည့်ရင် သူတို့ကလည်း လူထုအပေါ်မှာ သံသယရှိ တဲ့ သဘောမျိုး ရှိနေတာ မြင်ရတယ်။ လူထုနဲ့ သူတို့ရဲ့ကြားထဲမှာ မမြင်ရတဲ့ ဆူးတွေ ရှိနေတယ်” ဟု ပြောသည်။
ဒုရဲအုပ် ကျော်နိုင်ဦးသည် မတ်လ ၁၄ ရက်နေ့က ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်တွင် ဆန္ဒပြနေသော ကျောင်းသား သပိတ်စစ် ကြောင်းကို ရဲအင်အား အများအပြားဖြင့် ပိတ်ဆို့ပြီး ပစ်ခွဲဖြိုခွဲစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ပဲခူးတိုင်းရဲတပ်ဖွဲ့၏ အချက်အလက်များအရ အသက် ၃၇ နှစ် အရွယ်ရှိ ဒုရဲအုပ် ကျော်နိုင်ဦးသည် ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တွင် တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး ၎င်း၏ ဝဲဘက် နံဘေး ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရ သည်။
ပဲခူးမြို့တွင် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ လက်ရှိအချိန်အထိ စစ်တပ်နှင့် ရဲ၏ အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခြင်း၊ ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး (အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး) ကျဆုံးသွား ပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်သားနှင့် ရဲကို နာရေးမကူဟု ထုတ်ပြန်သည့် လူမှုကူညီရေး အသင်းများကို အမှုဖွင့်ဖမ်းဆီးနေ