နေပြည်တော်ရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)၁၀ ဦးကို အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Diso bedience Movement (CDM)တွင် ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရဲစခန်းက ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားသည်။
ယင်းပါမောက္ခ(ဌာနမှူး) ၁၀ ဦးနှင့် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ၁ ဦးကို အထက်ပါအတိုင်း အမှုဖွင့်ထားခြင်း ဖြစ် ကြောင်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)မှ အမည်မဖော်လိုသူ ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုသည်။
ပြီးခဲ့သည့်ရက်များက တက္ကသိုလ် တာဝန်ရှိလူကြီးများထံ ရေဆင်းရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များ လာရောက်ခဲ့သေးကြောင်း သိ ရသည်။
အမှုဖွင့်ခံထားရသော ပါမောက္ခ (ဌာနမှူး)များမှာ ဒေါက်တာအောင်အောင်၊ ဒေါက်တာ ကျော်ကျော်မိုး၊ ဒေါက်တာ ဆော ဘောမ်၊ ဒေါက်တာ နှင်းရည်စိုး၊ ဒေါက်တာ လတ်လတ်ထွန်း၊ ဒေါက်တာ ခင်စန်းမူ၊ ဒေါက်တာ ဝင်းဥမ္မာကျော်၊ ဒေါက်တာ စိုးစိုးဝေ၊ ဒေါက်တာ မိုးသီတာထွန်း၊ ဒေါက်တာ လှိုင်လှိုင်မြင့်တို့ ဖြစ်သည်။
ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းသားသမဂ္ဂခေါင်းဆောင် ၁ ဦးမှာ ကိုရဲမြင့်မြတ်အောင် ဖြစ်ကြောင်း သိရ သည်။
၎င်းတို့ အမှုဖွင့်ခံရကြောင်း သိရှိရခြင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မွေးမြူရေးဆိုင်ရာ ဆေး တက္ကသိုလ်သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာနက အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ကိုရဲမြင့်မြတ်အောင်က ပြောသည်။
“အမှုဖွင့်တာက မတ်လ ၉ ရက်နေ့ကတည်းက ဖွင့်ထားတာပဲ။ အဲဒါကို စိုက်/မွေး/ဆည်က ၁၅ ရက်နေ့မှာ စာထုတ်တယ်။ ဒီလူဒီလူတွေကို ပြည်ထဲရေးကနေ ဒီလိုမျိုး ၅၀၅ (က) နဲ့ အမှုဖွင့်ထားပါကြောင်းပေါ့”ဟု ကိုရဲမြင့်မြတ်အောင်က ပြော သည်။
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသား သမဂ္ဂအနေဖြင့် CDM တွင် ပါဝင်ရန် တိုက်တွန်းလှုံ့ဆော်မှုများ၊ လုပ် ဆောင်မှုများ ရှိသည့်အတွက် သမဂ္ဂဥက္ကဋ္ဌ တာဝန်ယူထားသည့် ၎င်းကို အမှုဖွင့်ခြင်းဖြစ်သည်ဟု ယူဆကြောင်း၊ ယင်း အပေါ်တွင် စိုးရိမ်မှုမရှိကြောင်းလည်း ၎င်းက ဆိုသည်။
“အာဏာရှင် ဟူသမျှကို အကုန်တော်လှန်ဖို့အတွက် ဆက်ပြီး လုပ်သွားဖို့ပဲ ရှိတယ်။ အခု တရားစွဲခံရတာနဲ့ ပတ်သက်ပြီး ကျနော်က ပြုံးပြုံးပဲ ရှိပါတယ်”ဟု ကိုရဲမြင့်မြတ်အောင်က ပြောသည်။
အမှုဖွင့်ခံထားရသည့် ပါမောက္ခ(ဌာနမှူး)များကို အဆက်အသွယ်မရသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။
နေပြည်တော်တွင် CDM လှုပ်ရှားမှုတွင် ပါဝင်သဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အစိုးရ ဝန်ထမ်း ၉ ဦး၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာနမှ ၁ ဦး၊ နေပြည်တော် မြန်မာ့ မီးရထားမှ ဒုရုံပိုင် ၁ ဦး စုစုပေါင်း ၁၁ တို့ကို ဖမ်းဆီးထိန်းသိမ်းပြီး နေပြည် တော် ဒက္ခိဏသီရိ မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုထားသည်။
ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကမူ CDM လှုပ်ရှားမှု ဆောင်ရွက်နေသည့် နိုင်ငံ့ ဝန်ထမ်းများ အပေါ် ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရား အရေးယူဆောင်ရွက်ခြင်း ပြုသည့် ဝန်ထမ်း အဖွဲ့ အစည်းများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ ဝန်ထမ်းတဦးချင်းစီအား မှတ်တမ်းထားရှိ၍ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း မတ်လ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
ပဲခူးက ဒုရဲအုပ် ဈာပန ကူညီမည့် နာရေးအသင်း မရှိ
စလျှင်စခြင်း မှောက်လျက်လဲသော အပြုသဘော ထိတွေ့ဆက်ဆံမှု
စစ်တပ်နှင့်ရဲတို့၏ ပစ်ခတ်မှုကြောင့် ကလေးမြို့တွင် ဆန္ဒပြသူ ၄ ယောက် သေဆုံး