ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အားလုံး ၁ လကျော် အကြာတွင် ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၁ ရက်မြောက် (ဖေဖော်ဝါရီ ၁၁ ရက်) နေ့မှစတင်ကာ သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မတ်လ ၁၇ ရက်နေ့ တွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းစိုးက “အားလုံး လွတ်လာပါပြီ။ တနိုင်ငံလုံး လွတ်လာပါပြီ။ အဲဒီနေ့ တရက်တည်းပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး (ရွေးကောက်ပွဲအရာရှိ) ၂ ဦး အပါအဝင် မြို့ နယ် ၇ မြို့နယ် နှင့် ခရိုင် ၂ ခုမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စုစုပေါင်း ၂၀ ဦးစလုံး ပြန်လွတ်လာပြီဖြစ်ကြောင်း၊ ပြည်နယ်/ခရိုင် အဆင့် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး ၄ ဦးကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွင် ထိန်းသိမ်းထားခဲ့ပြီး ကျန်သူများကို သက်ဆိုင်ရာ စစ်တပ်အသီးသီးတွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထိုသို့ ၁ လကျော်အကြာ ဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဆိုင်ရာ မေးခွန်းများနှင့် ပတ်သက် ၍ နှစ်ကြိမ် မေးမြန်းခဲ့ခြင်းမှလွဲပြီး ခြိမ်းခြောက်ခြင်းမျိုး မရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ဦးသန်းစိုးက “မဲနဲ့ပတ်သက်လို့တော့ တို့ကယားပြည်နယ်မှာ တခုမှ မဟုတ်တာ လုပ်ထားတာ မရှိဘူးလို့ ပြောချင်တယ်။ ဘာတခုမှ ကလိမ်ကကျစ် လုပ်ထားတာ မရှိပါဘူး။ ပြည်နယ်/ခရိုင်က အတွင်းရေးမှူးတွေ အားလုံးကလည်း စစ်တပ်က ချည်းပါပဲ။ တခုမှ မဟုတ်တာ လုပ်ထားတာ မရှိပါဘူး။ တကယ်လို့ အမှားအယွင်း တွေ့မယ်ဆိုရင်တောင်မှ ဒါ သာမန်အမှား မျိုးလောက်ပဲ ဖြစ်နိုင်ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ မှားတဲ့အမှားမျိုးတော့ တခုမှ ကယားပြည်မှာ ရှိမှာမဟုတ်ပါဘူး” ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အစည်းအဝေး ရှိသည်ဟုဆိုကာ ခေါ်ယူခဲ့ပြီးနောက် ပြန်မလွှတ်တော့ဘဲ ဘုရင့်နောင် စစ် ကြောရေးရုံး၊ ၄ ထပ်ဆောင်တွင် ၃၅ ရက်အကြာ ဖမ်းဆီးထိန်းသိမ်းခံရသည့် ရန်ကုန်တိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများလည်း မတ် ၁၇ တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးမြင့်က ပြောသည်။
“UEC ဥက္ကဋ္ဌ ကိုယ်တိုင် ကွင်းဆင်းလာတယ် ရန်ကုန်တိုင်းကို အဖွဲ့လိုက်။ သူတို့ ကျရာအဖွဲ့တွေကနေ မြို့နယ်တွေကို ခေါ် ပြီး ၃/၄ ရက် ကုန်းမြင့်သာယာမှာ ခေါ်ပြီးတွေ့ဆုံပြီးတော့ ကျနော်တို့ အလှည့်ကျတော့ ဥက္ကဋ္ဌတွေ သွားစရာ မလိုတော့ပါ ဘူး။ ပထမအသုတ်မှာတော့ သွားရတယ်။ သွားတာလည်း ထိုင်ပြီး ကြည့်ရုံပါပဲ။ အကုန်လုံး သူတို့ ဘယ်လို လုပ်တယ်၊ ကိုင်တယ် စသဖြင့် ဒီလောက်ပါပဲ။ ကျန်တာတော့ ဦးစီးအရာရှိနဲ့ မြို့နယ်အဆင့်တွေက ထွေအုပ်တို့၊ လဝကတို့ ကနေ သူတို့လိုအပ်တဲ့ အချက်တွေကို ဖွင့်ဖောက်ပေးရုံပါပဲ” ဟု ၎င်းက ရှင်းပြသည်။
၎င်းတို့အား စည်းကမ်းတင်းကျပ်စွာဖြင့် စစ်ကြောရေးတွင် ထိန်းသိမ်းထားခြင်းကလွဲပြီး တခြား မေးမြန်းမှု၊ အန္တရာယ်ပြုမှု များ မရှိခဲ့ပါဟုလည်း ၎င်းက ဆိုသည်။
ဦးဌေးမြင့်က “(မဲစာရင်း) ကွဲပြားခြားနားမှုဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အနည်းအကျဉ်းကတော့ ရှိခဲ့ပါတယ်။ ဒါတွေကိုလည်း သူတို့ တွေ့ရှိတဲ့အတိုင်းပဲ မှတ်တမ်းတင်သွားပါတယ်။ ကျနော်တို့ သင်္ဃန်းကျွန်းလည်းပဲ ဒီနေ့ သို့မဟုတ် မနက်ဖြန်၊ သဘက်ခါလောက်ဆိုရင် တွေ့ရှိချက်တွေကို သူတို့ ထုတ်ပြန်ပါလိမ့်မယ်” ဟု ပြောသည်။
ထိုကဲ့သို့ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပြန်လွတ်လာ ပြီဖြစ်သော်လည်း စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်း ခံထားရသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တချို့မှာ ယနေ့အချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးပေ။
တဖက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီက UEC ဥက္ကဋ္ဌသစ်အဖြစ် ဦးသိန်းစိုးနှင့် အဖွဲ့ဝင်တချို့ကို ပြောင်းလဲခန့်အပ် ထားသည်။
You may also like these stories:
ရာဇဝတ်မှုကျူးလွန်သည့် သက်သေခံများပို့ရန် UN ကြေညာချက် ဥရောပနိုင်ငံများ ကြိုဆို
ပြင်သစ်နိုင်ငံ ပါရီမြို့ မြန်မာသံရုံးမှ ဒု အတွင်းဝန်၂ ဦး CDM ပြုလုပ်
တွံတေးတွင် စစ်တပ်နှင့်ရဲက သိန်းရာချီ တန်ဖိုးရှိ ပစ္စည်းများ လုယက်