မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှ စတင်ကာ တရုတ်နှင့် ထိုင်း နယ်စပ်ကုန်သွယ်ရေး၌ သွင်း ကုန် ပစ္စည်းများ အဝင်ရပ်သလောက်နီးပါး ဖြစ်နေကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။
တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်ရေး လုပ်ဆောင်သော မူဆယ်နယ်စပ် ကုန်သွယ်ရေး၌ မြန်မာဘက်က ကြက်သွန်၊ ဖရဲ ၊ သခွားမွှေး အစရှိသည့် စိုက်ပျိုး ထုတ်ကုန်တချို့သာ တင်ပို့လျက်ရှိပြီး တရုတ်ဘက်မှ တင်သွင်းသည့် ကုန်ကြမ်းများနှင့် လုပ်ငန်း သုံးပစ္စည်းများသည် အဝင်မရှိသလောက် ဖြစ်နေကြောင်း မူဆယ်-နန့်ခမ်း ကုန်သည်အသင်းမှ လုပ်ငန်းရှင်တဦး က ဧရာဝတီသို့ ပြောသည်။
“အခုက ပို့ကုန်က များတယ်။ သွင်းကုန်က နည်းတယ်။ လုပ်ငန်းတွေ ရပ်နေတော့ ကုန်ကြမ်း တင်သွင်းမှု မရှိတာရယ်၊ ငွေပေးချေဖို့အတွက် ဘဏ်တွေ သေချာ မဖွင့်သေးတော့ ဘာမှ လုပ်မရဘူး ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ကုန်တင်ယာဉ်များ ပုံမှန် မထွက်သေးခြင်းကြောင့်လည်း မြန်မာဘက်က ပို့ကုန်များ တင်ပို့မှုရှိနေသော်လည်း ပမာဏ အများအပြား မဟုတ်ဘဲ ကိုဗစ်ကာလထက်ပင် အရေအတွက် နည်းပါးသွားကြောင်း သိရသည်။
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးစခန်းသည် ပုံမှန်အချိန်ကာလတွင် တရက်လျှင် ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၅ သန်းကျော်ရှိပြီး ကိုဗစ်ကာလတွင် ကျန်းမာရေးဆိုင်ရာ အကန့်အသတ်များကြောင့် တရက်လျှင် အမေရိကန် ဒေါ်လာ ၁၀ သန်း ဝန်းကျင်သာ ကုန်သွယ်နိုင်ခဲ့သည်။
အာဏာသိမ်းမှုကြောင့် တရုတ်နယ်စပ် ကုန်သွယ်ရေး လျော့ကျသလို ထိုင်းနိုင်ငံနှင့် အဓိကကုန်သွယ်သည့် မြဝတီနယ်စပ် ကုန်သွယ်ရေးတွင်လည်း ပုံမှန်ကုန်သွယ်ရေး၏ ၁၀ ရာခိုင်နှုန်းလောက်သာ ရှိတော့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်က ပြောင်းတွေပါ ဘာတွေ တော်တော် သွားသေးတယ်။ အခုနောက်ပိုင်း ပြောင်းဈေးတွေ လည်း ဆက်တိုက်ကျလာတော့ ပြောင်းလည်း နည်းနည်းပဲ သွားတော့တယ်။ ကျန်တဲ့ လုပ်ငန်းတွေကတော့ အကုန်ရပ်နေ တာ” ဟု မြဝတီမြို့ရှိ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ ကျနော်တို့ ငွေလွှဲလုပ်ငန်းဆိုရင် ဘာမှလုပ်လို့ မရဘူး။ ရပ်ထားရတာ တော်တော်ကြာပြီ ” ဟု ဆိုသည်။
ပြီးခဲ့သည့် နှစ်၌ ယခုလိုအချိန်တွင် မြန်မာနိုင်ငံဘက်မှ ပြောင်းတင်ပို့မှုသည် ကားအစီးရေ ရာနှင့်ချီ ရှိသော်လည်း ယခုတွင် အစီးရေ ၁၀ စီးဝန်းကျင်သာ ရှိပြီး ထိုင်းနိုင်ငံဘက်မှလည်း ကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံပစ္စည်းများ အဝင်ရပ်နေကာ စိုက်ပျိုးထွက်ကုန် တချို့သာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မြဝတီနယ်စပ် ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ ဒုတိယ ကုန်သွယ်မှု အများဆုံး လုပ်ဆောင်သည့် ကုန်သွယ် ရေးစခန်း ဖြစ်ပြီး ပုံမှန်ကာလတွင် ၁ ရက်လျှင် ကုန်စည်စီးဆင်းမှုသည် ကားအစီးရေ ၃၀၀ မှ ၅၀၀ ကြား ကုန်သွယ်လျက် ရှိသည်။
မြန်မာဘက်နိုင်ငံဘက်က လယ်ယာ စိုက်ပျိုးရေး ထုတ်ကုန်များ ဖြစ်သည့် ပြောင်း၊ ဆန်ကွဲ၊ နှမ်း အပါအဝင် ရေထွက်ကုန် တချို့ကို တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံဘက်က စားသောက်ကုန်၊ လုပ်ငန်းသုံး ပစ္စည်းများ၊ စက်သုံးဆီများ အပါအဝင် ဆောက်လုပ်ရေး ပစ္စည်းများ ပြန်လည် တင်သွင်းလျက် ရှိသည်။
You may also like these stories:
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေး မြင့်တက်နေ
မြန်မာပြည် စီမံကိန်းများအတွက် ရန်ပုံငွေ ထောက်ပံ့မှု ADB ဆိုင်းငံ့
ဖိအားပေး ဖွင့်ခိုင်းသော်လည်း ပုဂ္ဂလိကဘဏ်များ မဖွင့်ကြ