လမ်းမများပေါ်ရှိ အတားအဆီးများကို လက်နက်ဖြင့် ခြိမ်းခြောက်ပြီး အတင်းအကျပ် ရှင်းလင်းခိုင်းခြင်းမှာ အဓမ္မ လုပ်အား ခိုင်းစေမှု ဖြစ်သောကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)သို့ တိုင်ကြားရန် လိုအပ်ကြောင်း ရှေ့နေ များနှင့် အလုပ်သမား အဖွဲ့အစည်းများက အကြံပြုပြောဆိုသည်။
ရန်ကုန်မြို့အနှံ့တွင် စစ်တပ်နှင့်ရဲက ပြည်သူလူထုအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများ ရှိနေသဖြင့် ၎င်းတို့၏ အန္တရာယ်မှ ကာကွယ်ရန် လမ်းမများ၊ လမ်းသွယ်များ တလျှောက် သဲအိတ်များ၊ တာယာကွင်းများ၊ ဝါးကပ်များ စသည်ဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ထားသည်။
ယခုရက်ပိုင်းအတွင်း အဆိုပါ အတားအဆီးများကို ဖယ်ရှားရန်အတွက်ဟုဆိုကာ စစ်တပ်နှင့်ရဲက တွေ့ရာမြင်ရာ ပြည်သူ မှန်သမျှကို သေနတ်ပြ ခြိမ်းခြောက်ပြီး ဖယ်ရှားရန် ခိုင်းစေနေခြင်း ဖြစ်သည်။
ရန်ကင်းမြို့နယ်နေ ပြည်သူတဦးက “ဈေးသွားမလို့ စပန့်ဂါဝန်နဲ့ အပြင်ထွက်လာတယ် ပြောတာတောင် မရဘူး။ တအိတ် သယ်သွားရမယ် မရဘူးဆိုလို့ သယ်လာရတယ်” ဟု ပြောပြသည်။
တခြားမြို့နယ်များတွင်လည်း ရပ်ကွက်လမ်းများအတွင်းထဲထိ ဝင်ရောက်ပြီး ဖမ်းခေါ်ခြင်းအပြင် လူနေအိမ်များအပေါ်ထိ တက်ရောက်ကာ သေနတ်ဖြင့်ထောက် ဖမ်းဆီးလာပြီး အတင်းအကျပ် ခိုင်းစေနေခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်။
အလုပ်သမား အဖွဲ့အစည်းတခုမှ တာဝန်ရှိသူ တဦးက “ဒီလိုမျိုးက စစ်မြေပြင်မှာ စစ်သုံ့ပန်းတွေကို ပြန်ပေးဆွဲပြီးတော့ ခိုင်းစေတဲ့ အလားသဏ္ဍာန်နဲ့ တူနေတယ်ဆိုရင် ဒါက အဓမ္မလုပ်အား ခိုင်းစေမှု မြောက်တယ်။ ဒီလို ကိစ္စရပ်တွေ ရှိလာ တယ်ဆိုရင်တော့ ILO ကို အမှုတွဲ တင်ပြပြီးတော့ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြလို့ ရတယ်” ဟု ပြောသည်။
မည်သူ တဦးတယောက်ကိုမဆို ထိုသူ၏ သဘောဆန္ဒ မဟုတ်ဘဲ ပြစ်ဒဏ်တစုံတရာ ပေးခြင်းခံရမည်ဟူသော ခြိမ်းခြောက် မှုကြောင့် လုပ်ကိုင်ပေးရသည့် အလုပ်များကို အဓမ္မလုပ်အားခိုင်းစေမှုဟု သတ်မှတ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့၏ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ အပိုဒ် ၂ တွင် ပြဋ္ဌာန်းထားသည်။
အဆိုပါ ILO၏ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ ကို လိုက်နာကျင့်သုံးမည့်အကြောင်း ၁၉၅၅ ခုနှစ် ကတည်း က မြန်မာနိုင်ငံအနေဖြင့် သဘောတူညီ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း အဓမ္မခိုင်းစေမှုများသည် ရာဇဝတ်မှုအဖြစ် အပြစ်ပေးနိုင်ရန်အတွက် ရာဇသတ်ကြီး ဥပဒေ၌ပါ ထည့် သွင်းပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားများသည် လုံးဝ ပျက်သုဉ်းနေပြီ ဖြစ် သဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့သာ တိုင်ကြားရန်ရှိကြောင်း တရားလွှတ်တော်ရှေ့နေတဦးက ဆိုသည်။
၎င်းက “တိုင်းပြည်က အုပ်ချုပ်မှု ပျက်ပြားသလို ဖြစ်နေတာပေါ့။ ကျနော်တို့မှာ တရားဥပဒေစိုးမိုးမှု ပျက်ပြားသွားတယ်။ ဖွဲ့ စည်းပုံခြေခံ ဥပဒေကိုလည်း ချိုးဖောက်လိုက်တဲ့အတွက် ဒါတွေကို ဖြေရှင်းစရာ ယန္တရား မရှိတော့တာ” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “အဲဒီလို အနေအထားမှာ ကျနော်တို့မှာ UN တို့ ILO တို့ပဲ အားကိုးစရာ ရှိတာပေါ့။ အဲဒါကြောင့် လက်ရှိ လမ်းပေါ်တွေမှာ တားဆီး ပိတ်ပင်ထားတဲ့အရာတွေကို အများပြည်သူလူထုကို အဓမ္မ ခိုင်းစေပြီးတော့ ဖယ်ရှား တာတွေ ILO ကို တိုင်ကြားရုံမှတပါး ကျနော်တို့မှာ တခြားအားကိုးစရာနည်းလမ်း၊ ဖြေရှင်းစရာနည်းလမ်း မရှိတော့ဘူး ဖြစ်နေတာပေါ့” ဟု ပြောသည်။
ရာဇသတ်ကြီးဥပဒေတွင် မည်သူမဆို အဓမ္မအားဖြင့် တပါးသူအားသူ၏ ဆန္ဒမပါဘဲ အလုပ်လုပ်ရန် ဖိအားပေးခြင်းအတွက် ကျူးလွန်သူအား ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်ဟု ပြဋ္ဌာန်းထား သည်။
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နှင့်ရဲက မြန်မာပြည်သူလူထုကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ ရှိလာသည့်အပြင် ပြည်သူလူထု ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းများကိုလည်း လုယက် ယူငင်ခြင်း၊ ဖျက်ဆီးခြင်းများလည်း ဖြစ်ပေါ်လျက်ရှိသည်။
စစ်တပ်၏ ထိုသို့ လူထုအပေါ် အဓမ္မ ခိုင်းစေခြင်းသည့် အမူအကျင့်မှာ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း မြောင်းများ အဓမ္မတူးဖော်ခိုင်းခြင်း၊ သစ်ပင်များ၊ အုတ်ခုံများကို ထုံးသုတ်ခိုင်းခြင်း၊ လမ်းချဲ့ရန် ဆိုကာ အိမ်များကို အတင်းအဓမ္မ နောက်ဆုတ်ခိုင်းခြင်း၊ ရန်ကုန်မြို့တဝိုက်တွင် မြို့သစ်များ ဖော်ကာ အတင်းအဓမ္မ ပြောင်းရွေ့ခိုင်း ခြင်း၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာပစ္စည်း သယ်ဆောင်ရန် အတင်းအဓမ္မ ပေါ်တာဆွဲခြင်း၊ ထောင်တွင်း အကျဉ်းကျခံနေရသူများကို ရှေ့တန်းသို့ ခေါ်ကာ စေခိုင်းသည်အတွက် သေဆုံးသူ အများအပြားရှိခဲ့သည်။
You may also like these stories:
ပဲခူးမှာ စစ်ကောင်စီတပ်တွေ ရှော့တိုက်ဒုံးနဲ့ တကယ် ပစ်ခတ်ခံခဲ့ရသလား
အာဏာသိမ်းပြီးနောက် တရုတ်နှင့် ထိုင်းမှ သွင်းကုန်ပစ္စည်းများ အဝင်ရပ်လုနီးဖြစ်နေ
ပြည်နယ်/တိုင်း ရွေးကော် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ ပြန်လွတ်