လတ်တလော ဖြစ်နေသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ များတွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် ရခိုင်တိုင်းရင်းသားများ မိမိတို့နေရပ်သို့ ပြန်နေကြကြောင်း သိရသည်။
စက်ရုံအလုပ်ရုံများ ပိတ်ထားသည့်အတွက် အလုပ်အကိုင် မရှိခြင်း၊ အဆောင်ခများ မပေးနိုင်ခြင်း၊ စားဝတ်နေရေး ကျပ် တည်းခြင်း စသည့် အခက်အခဲများ အပါအဝင် ၎င်းတို့ နေရာထိုင် ပတ်ဝန်းကျင်တွင် လုံခြုံမှု မရှိသည့်အတွက် နေရပ်ကို ပြန်လာရခြင်း ဖြစ်ကြောင်း လှိုင်သာယာ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေသည့် ပုဏ္ဏားကျွန်းသူ မဝင်းဝင်းအေး က ပြောသည်။
၎င်းက “စက်ရုံတွေကလည်း ပိတ်ထားတယ်။ ညီမတို့ စားသောက် နေထိုင်ရေးက အဆင်မပြေတော့ဘူး။ သူငယ်ချင်းတွေ လည်း အကုန်ပြန်ကုန်ကြပြီ။ အခုအခြေနေမှာ လုံခြုံမှုလည်း မရှိသလို ခံစားရတယ်။ ရခိုင်ဘက်က သူငယ်ချင်းတွေရော၊ တခြား အညာဘက်က သူငယ်ချင်းတွေရော အကုန်ပြန်ကုန်ကြတယ်။ အလုပ်အကိုင်လည်း မရှိတော့ဘူး ဆိုတော့ မနက် ဖြန် ညီမတို့ တောင်ဒဂုံ ဘက်မှာရှိတဲ့ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီးတော့ ကိုယ့်ရခိုင်ပြည်ကို ပြန်ဖို့ လုပ်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ ပြန်လာကြသူများထဲတွင် စက်ရုံ၊ အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် အမျိုးသား၊ အမျိုးသမီးငယ်များ အပါအဝင် မိသားစုလိုက် ရွှေ့ပြောင်းနေထိုင်ကြသူူများလည်း ပါဝင်ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ပေါက်တောမြို့ဇာတိသား ကိုကျော်မြင့်က “ကိုဗစ်ဖြစ်ကတည်းက အလုပ်လည်း အဆင် မပြေဘူး။ အခုတခါ နိုင်ငံရေး အခြေအနေကလည်း မကောင်းဘူး။ ဒီတိုင်းဆို အိမ်ထဲမှာနေရင်း ငတ်သေကြမယ့် အခြေအ နေ ဖြစ်နေပြီ။ အဲဒါနဲ့ ဘေးအိမ်က လူတွေကို ကျနော်တို့အိမ်ကို ခဏကြည့်ထားပေးပါဆိုပြီး အိမ်ကို သော့ပိတ်၊ ကိုယ့်မြို့မှာ ပြန်နေမယ်ဆိုပြီး မနေ့ကပဲ ကျနော်တို့ မိသားစုတခုလုံး ပြန်လာကြတာ” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်သို့ ပြန်လာကြရာတွင် ငွေကြေးတတ်နိုင်သူများက ကားစင်းလုံးငှားပြီး ပြန်လာကြသလို တချို့ ငွေကြေး မ တတ်နိုင်သူများက စစ်တွေ-ရန်ကုန် ပြေးဆွဲနေသော ခရီးသည် မော်တော်ယာဉ်များဖြင့် လိုက်ပါရန် ယခုလကုန်ထိ လက် မှတ် မရှိတော့သည့်အတွက် အခက်ကြုံတွေ့နေရကြောင်း ရန်ကုန်ရောက် ရခိုင်အသိုင်းအဝန်းထံမှ သိရသည်။
ထိုသို့ အခက်ကြုံနေသူများအတွက် ရခိုင်သဟာယအသင်း (ရန်ကုန်) က လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်အတွင်း စက်ရုံပိတ်၍ အဆင်မပြေ ဖြစ်နေသည့် ရခိုင် အမျိုးသား၊ အမျိုးသမီးငယ်များကို ဦးစားပေး အနေဖြင့် ရခိုင်ပြည်နယ်သို့ ကားဖြင့် အခမဲ့ ပို့ဆောင်ရန် စီစဉ်နေကြောင်း ယင်းအသင်းမှ ကိုထွန်းဝင်းက ပြောသည်။
၎င်းက “အဓိကတော့ လှိုင်သာယာနဲ့ ရွှေပြည်သာ စက်ရုံတွေမှာ လုပ်နေကြပြီးတော့ အခက်အခဲ ဖြစ်နေသူတွေကို ဦး စားပေးအနေနဲ့ ပို့ပေးပါမယ်။ လက်ရှိ ကျနော်တို့ဆီကို အဲဒီ မြို့နယ်တွေက အိမ်ပြန်ဖို့ စာရင်းပေးထာတာ အားလုံး လူပေါင်း ၂၇၀ ကျော် ရှိပါတယ်။ လတ်တလောမှာ ကားငှားရတာ အခက်အခဲ ရှိတဲ့အတွက် အသုတ်လိုက် ခွဲပို့ဖို့ စီစဉ်နေ ပါတယ်” ဟု ရှင်းပြသည်။
ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် လာရောက် အလုပ်လုပ်ကိုင်နေကြသည့် ရခိုင်တိုင်းရင်းသား အမျိုး သား၊ အမျိုးသမီးငယ် အများစုမှာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် စသည့် မြို့နယ်များမှ အများဆုံးဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရခိုင်တိုင်းရင်းသားများ သိန်းချီ အခြေကျ နေထိုင်ကြသည့်အတွက် ရွေးကောက်ပွဲ ကာလ များတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၌ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တနေရာအတွက် ရခိုင်တိုင်းရင်းသားများ အနေဖြင့် ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရှိသည်။
You may also like these stories
တပ်စွဲထားသည့် ပညာရေးအဆောက်အဦများမှ ချက်ချင်းဖယ်ရန် ကုလနှင့် မိတ်ဖက်အဖွဲ့များ ထုတ်ပြန်
စစ်ကောင်စီက မျှော်လင့်ချက်ကြီးသည့် တိုင်းပြည်အနာဂတ်ကို လမ်းမများပေါ်တွင် သတ်ဖြတ်နေ
သေနတ်ထောက် ခြိမ်းခြောက်ခိုင်းခြင်း ILO သို့ တိုင်ကြားရန်လို