သတင်း

စစ်ကောင်စီ၏ သတ်ဖြတ်မှုများကို ICC တင်ရန် CRPH လမ်းရှာနေ

ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ကျူးလွန်နေသည့် မည်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုကိုမဆို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ တင်ပြနိုင်ခြင်း ရှိ မရှိကို မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ကော်မတီက လေ့လာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးသံတမန်က ကြာသပတေးနေ့တွင်ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်သော အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို အရေးယူရန် စစ်အစိုးရကို ဖြုတ်ချပြီး အရပ်သားအစိုးရ ထူထောင်ရန်ကြိုးစားနေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က နည်းလမ်းရှာဖွေနေကြောင်း ဦးကျော်မိုးထွန်းပြောသည်။

“သူတို့စဉ်းစားနေတဲ့ နည်းလမ်းတွေထဲက တခုကတော့ ICC ပဲ။ ကျနော်တို့ နိုင်ငံက ICC အဖွဲ့ဝင်မဟုတ်ပေမယ့် ဒီအမှုကို ICC တင်ဖို့ နည်းလမ်းရှာနေတယ်” ဟု ဦးကျော်မိုးထွန်းက ကိုလံဘီယာတက္ကသိုလ် လူ့အခွင့်အရေးလေ့လာရေး အင်စတီကျုမှ ကျင်းပသည့် အခမ်းအနားတခုတွင်ပြောသည်။

နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို စစ်တပ်က အာဏာသိမ်းဖြုတ်ချပြီးနောက် မြန်မာနိုင်ငံတွင် အကျပ်အတည်းကျရောက်နေသည်။ စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်အမျာအပြားကို ဖမ်းဆီးထားပြီး စစ်ကောင်စီတခုကိုလည်း ထူထောင်ထားသည်။

လုံခြုံရေးတပ်များသည် နေ့စဉ် ဆန္ဒပြသူများကို ဖိနှိပ်ရန် အကြမ်းဖက်သောနည်းလမ်းများကို ပိုမိုအသုံးပြလာပြီး လူထောင်နှင့်ချီ ဖမ်းဆီးထားသည်။ ဆန္ဒပြသူ ၂၃၈ ယောက် ပစ်သတ်ပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ အဆိုအရသိရသည်။

မြန်မာစစ်တပ်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်နိုင်သည့် သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းများ ကျူးလွန်နေကြောင်း သီးခြားလွတ်လပ်သော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ သောမတ်စ် အင်ဒရူးက ဂျနီဗာရှိ လူ့အခွင့်အရေးကောင်စီသို့ လွန်ခဲ့သောအပတ်က ပြောကြားခဲ့သည်။

စစ်ကောင်စီပြောခွင့်ရသူတဦးကမူ လုံခြုံရေးတပ်များသည် လိုအပ်သောအခါမှသာ အင်အား အသုံးပြုကြောင်း ပြောထားသည်။

မြန်မာန်ိုင်ငံသည် ICC အဖွဲ့ဝင်မဟုတ်ပေ။ သို့သော် CRPH သည် ICC ကို ထူထောင်သည့် ရောမ သဘောတူညီချက် အပိုဒ် ၁၂.၃ ကို အနီးကပ်လေ့လာနေကြောင်း ဦးကျော်မိုးထွန်းပြောသည်။ ထိုအပိုဒ်အရ မြန်မာနိုင်ငံသည် ဖြစ်ပွားနေသော ရာဇဝတ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံးက စီရင်ပ်ိုင်ခွင့် ကျင့်သုံးခြင်းကိုလက်ခံရန် တရားရုံး၏ မှတ်ပုံတင်အရာရှိထံ ကြေညာချက် တင်သွင်းနိုင်သည်။

ထိုကဲ့သို့ဆောင်ရွက်ပါက မည်သူကို နိုင်ငံတကာက မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုမည်နှင့်ပတ်သက်ပြီး အငြင်းပွားရမည်ဖြစ်သည်။

လွန်ခဲ့လက ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းတခုတွင် စစ်ကောင်စီနှင့် လူသိရှင်ကြား လမ်းခွဲခဲ့သော ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှနနာ ဘာဂနာတို့က မည်သည့်နိုင်ငံကမျှ စစ်ကောင်စီကို တရားဝင် အသိအမှတ်မပြုသင့်ကြောင်း တိုက်တွန်းထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံ၏ အခြေအနေများကို သဟိဂ် အခြေစိုက် ICC သို့ တင်သွင်းနိုင်သော်လည်း ထိုသို့လုပ်ဆောင်ခြင်းကို တရုတ်နှင့် ရုရှားက သဘောတူနိုင်ခြေမရှိပေ။

ကိုးကား။ ။ Reuters

You may also like these stories:

တပ်စွဲထားသည့် ပညာရေးအဆောက်အဦများမှ ချက်ချင်းဖယ်ရန် ကုလနှင့် မိတ်ဖက်အဖွဲ့များ ထုတ်ပြန်

ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ

စစ်ကောင်စီက မျှော်လင့်ချက်ကြီးသည့် တိုင်းပြည်အနာဂတ်ကို လမ်းမများပေါ်တွင် သတ်ဖြတ်နေ

Loading