သတင်း

သံလွင်မြစ်ကမ်းဘေးမှ ဆန်အိတ်များ အာဏာသိမ်းစစ်တပ်၏ ရိက္ခာဖြစ်မည်ကို လူထုက စိုးရိမ်နေ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံဘက်မှ သံလွင်မြစ်ကို ဖြတ်ကူးပြီး သယ်ဆောင်လာသည့် ဆန်၊ ဆီ ရိက္ခာများ အာဏာသိမ်း စစ်ကောင်စီ၏ တပ်ရင်းများ လက်ထဲသို့ ရိက္ခာအထောက်အပံ့အဖြစ် ရောက်သွားမည်ကို မြန်မာလူထုက စိုးရိမ်နေကြောင်း သိရသည်။

ယနေ့ နေ့လယ်ပိုင်းတွင် ဆန်အိတ် ၇၀၀ နှင့် ဆီပုံးများကို ထိုင်းနိုင်ငံဘက်မှ သံလွင်မြစ်ကို ဖြတ်ကူးပြီး ဖာပွန်ခရိုင်ဘက် မြစ်ကမ်းစပ်သို့ လာပို့သွားခြင်း ဖြစ်သည်။

ဖာပွန်ခရိုင်၊ သံလွင်မြစ်ကမ်း နံဘေးရှိ အီးတုထကျေးရွာနှင့် အီးတုထ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် နေထိုင်သူများက အဆိုပါ ဆန်နှင့် ဆီများမှာ စစ်တပ်၏ ရိက္ခာများဖြစ်ပြီး ထိုင်းစစ်တပ်ဘက်မှ လှမ်းပို့ခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။

အီးတုထကျေးရွာမှ ဒေသခံ တဦးက “ဗမာစစ်တပ်ရဲ့ ဆန်တွေကို ထိုင်းဘက်က သယ်နေတာ။ ဆန်သယ်တာက မြဝတီ ဘက်က အထမ်းသမားတွေ ပါတယ်။ သယ်ယူပို့ဆောင်ရေး တာဝန်က ထိုင်းစစ်တပ်ကလို့ ကြားတယ်။ ဆန်တွေကတော့ အခု ကမ်းမှာ ရှိနေတုန်းပဲ။ မော်တော်ကားကတော့ ပြန်ထွက်သွားပြီ” ဟု ပြောသည်။

ထိုင်းနိုင်ငံဘက်မှ စက်လှေဖြင့် ပို့သည့် ဆန်များကို မြစ်ကမ်းပေါ်သို့ သယ်ယူပေးသည်မှာ စစ်တပ် မဟုတ်ဘဲ မြဝတီမြို့ ဘက်မှ ငှားထားသည့် အထမ်းသမားများက လာသယ်ယူပေးခြင်း ဖြစ်သည်ဟုလည်း အဆိုပါ ဒေသခံက ပြောသည်။

အီးတုထကျေးရွာတွင် နေထိုင်သူများနှင့် စစ်ဘေးရှောင် ဒုက္ခသည်များက ၎င်းတို့၏ ဆန်အိတ်များ မဟုတ်သည့်အပြင် ဖာပွန်ခရိုင်တွင်း အခြေစိုက် လှုပ်ရှားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဆန်အိတ်များလည်း မဟုတ်သောကြောင့် စစ်တပ်၏ ရိက္ခာများသာ ဖြစ်သည်ဟု ပြောဆိုသည်။

ထိုင်းနိုင်ငံဘက်မှ သယ်ဆောင်လာသောဆန်များ စုပုံထားသည့် နယ်မြေနှင့် ဖာပွန်ခရိုင် တကြောသည် KNLA တပ်မဟာ (၅) အခြေစိုက် လှုပ်ရှားသည့် နယ်မြေ ဖြစ်သည်။

KNLA တပ်မဟာ (၅) နှင့် စစ်တပ်သည် စစ်ရေးအရ ပြေလည်ခြင်း မရှိသည်မှာ ၂ နှစ်ကျော် ကြာပြီဖြစ်သည့်အပြင် စစ်တပ် က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီမှစ၍လည်း ဖာပွန်ခရိုင်အတွင်း KNLA နှင့် တိုက်ပွဲများ ဖြစ်ထားသည်။

ဖေဖော်ဝါရီနှင့် မတ်လအတွင်း KNLA တပ်မဟာ (၅) နှင့် စစ်တပ်ကြား စစ်ရေးပဋိပက္ခများကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ဘေးသင့်ကာ နေရပ်စွန့်ခွာခဲ့ရသဖြင့် စစ်တပ်၏ စားနပ်ရိက္ခာ သယ်ယူဖြည့်တင်းခြင်းကို ကရင်ဒေသခံလူထုက နှစ် သက်ခြင်း မရှိပေ။

အီးတုထကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည် တဦးက “ဗမာစစ်တပ်ရဲ့ ရိက္ခာကို ဖြည့်ပေးတာက ကျနော်တို့ လူထုနဲ့ ကျနော် တို့ နယ်မြေကို တိုက်လို့ရအောင် အားဖြည့်ပေးသလိုပဲ။ ဒါကြောင့် မကြိုက်ဘူး။ ဒီကနေ ဆန်တွေ သယ်နေတာ မကြိုက်ဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံဘက်မှ ဆန်အိတ်များ သယ်ယူလာသည့် ဓါတ်ပုံများမှာ ယနေ့ နေ့လယ်ပိုင်းကတည်းက လူမှုကွန်ရက်စာမျက် နှာပေါ်တွင် ပျံ့နှံ့နေခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီ၏ တပ်များအတွက် ရိက္ခာထောက်ပံ့သည်ဟုဆိုကာ ကရင်လူထုအပြင် ပြည်မနှင့် ပြည်နယ်အသီးသီးမှ လူထုကလည်း ဝေဖန်ရှုတ်ချမှုများ ပြုလုပ်လျက် ရှိသည်။

ထို့ပြင် ထိုင်းနိုင်ငံ၏ လုပ်ရပ်မှာ ရှက်ဖွယ်ရာ ဖြစ်ကြောင်း၊ မြန်မာပြည်သူများကို မစာနာဘဲ စစ်ကောင်စီကို ထောက်ပံ့ နေခြင်းအား ကန့်ကွက်ကြောင်း ပြောဆိုမှုများကိုလည်း တွေ့ရသည်။

မြန်မာလူထုက ထိုင်းအစိုးရ၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားပြောဆိုရုံသာမက နိုင်ငံ တကာ အသိုင်းအဝိုင်းကပါ သိမြင်စေရန် ရည်ရွယ်ချက်ဖြင့် တွစ်တာစာမျက်နှာတွင်ပါ ထိုင်းနိုင်ငံ၏ လုပ်ရပ်ကို လက်မခံ ကြောင်း ရေးသားပြောဆိုမှုများ ရှိနေသည်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO)မှ မနော်ဝါးကလည်း “ဆန်တွေက ဗမာစစ်တပ်ဆန်တွေ ထိုင်းဘက်က သယ်တယ် လို့ ကြားတယ်။ ကျမတို့ကတော့ လက်မခံဘူး။ သဘောမကျဘူး။ ဒါပေမယ့် ထိုင်းဘက်က လုပ်တယ်ဆို ကျမတို့က ဘာမှ ဝင်စွက်ဖက်လို့မှ မတတ်နိုင်တာလေ” ဟု ပြောသည်။
ထိုင်းနိုင်ငံဘက်မှ ဆန်နှင့်ဆီရိက္ခာများ ပေးပို့ခြင်းနှင့် ပတ်သတ်၍ ထိုင်းနိုင်ငံအခြေစိုက် The Reporters သတင်းဌာနက စစ်ကောင်စီ၏ စစ်တပ်များထံသို့ ရိက္ခာပေးပို့ခြင်း ဖြစ်သည်ဟု ရေးသား ဖော်ပြထားသည်။

KNLA တပ်များက စစ်တပ်၏ တပ်ရင်းများ ရိက္ခာသယ်ယူရေး လမ်းကြောင်းများကို ဖြတ်တောက် ပိတ်ဆို့ထားခြင်းကြောင့် ထိုင်းနိုင်ငံဘက်မှ ရိက္ခာသယ်ယူနေခြင်း ဖြစ်သည်ဟုလည်း ယင်းသတင်းဌာနက ရေးသားထားသည်။

ထိုင်းနိုင်ငံ၏ သတင်းဌာနကြီး တခုဖြစ်သည့် ဘန်ကောက်ပို့စ်၏ ည ၉ နာရီတွင် ထုတ်လွှင့်လိုက်သည့် သတင်းတပုဒ်၌ မြန်မာစစ်တပ်ဘက်သို့ ဆန်ထောက်ပံ့ခြင်းမှာ မဟုတ်မှန်ကြောင်း ထိုင်းစစ်တပ်က ငြင်းဆန်ထားသည်။

ထိုင်းတပ်မတော်၊ နရဲစွမ်တပ်ဖွဲ့၏ တပ်မှူး၊ ဗိုလ်ချုပ် Amnat Srimak က “ ထိုင်းတပ်မတော် က မြန်မာစစ်တပ်ကို ရိက္ခာ ထောက်ပံ့တာ မရှိဘူး။ မြန်မာစစ်တပ်ကလည်း အကူအညီတောင်းခံတာ အထောက်အပံ့တွေ တောင်းတာ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့မှာလည်း သူတို့ ဂုဏ်သိက္ခာနဲ့ သူတို့ရှိပါတယ်” ဟု ထိုသတင်းထဲတွင် ဖြေဆိုထားသည်။

ဗိုလ်ချုပ် Amnat Srimak က အဆိုပါ ဆန်အိတ်များသည် သာမာန်နယ်စပ်ဖြတ်ကျော်မှု ဖြစ်ရပ် တခုအနေဖြင့် စီးပွားရေးလုပ်ငန်းတခုသာ ဖြစ်သည်ဟု ယူဆပြီး ၎င်းတို့ အနေဖြင့် ဥပဒေနှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှု လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်း မရှိပါက ပစ္စည်းများ သယ်ယူခြင်းကို တားမြစ်ခြင်း မရှိပါဟု ဘန်ကောက်ပို့စ် သတင်းဌာနကို ဖြေဆိုထားသည်။

You may also like these stories:

စစ်ကောင်စီ၏ သတ်ဖြတ်မှုများကို ICC တင်ရန် CRPH လမ်းရှာနေ

မြန်မာ့အရေး အာဆီယံ အစည်းအဝေး ကျင်းပရန် မလေးရှားဝန်ကြီးချုပ် ထောက်ခံ

မြဝတီတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ဌာနေပြည်သူ့စစ် ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading