ကြာသပတေးနေ့က ရဲနှစ်ဦး သတ်ဖြတ်ခံပြီး ရဲအရာရှိတဦး ဒဏ်ရာရသည့် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများကို စစ်ကောင်စီက လက်စားချေမည်ဟု ခြိမ်းခြောက်သောကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ ရွာ ၅ ရွာမှ ထောင်နှင့်ချီသော လယ်သမားများသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးသွားကြသည်။
ရဲကင်းစခန်းတခုမှ ရဲအရာရှိတဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့ ဒီပဲယင်းမြို့သို့ သွားရောက်စဉ် လူ ၁၀၀ ခန့်က ဘုတ်ထန်းတော ကျေးရွာအနီးတွင် ဟန့်တားတိုက်ခ်ိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်သည့် နိုင်ငံပိုင်သတင်းစာက သောကြာနေ့တွင် ကြေညာသည်။
စစ်ကိုင်းတိုင်းအခြေစိုက် မီဒီယာများနှင့် ရင်းမြစ်များ၏ အဆိုအရ ကားတစင်းဖြင့် ခရီးသွားနေသည့် ထို ရဲ သုံးဦးတို့သည် ကြာသပတေးနေ့ မွန်းလွဲချိန်တွင် ဒီပဲယင်းတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲမှ ပြန်လာသည့် ကျေးရွာအများအပြားမှ ရွာသားများနှင့် ရင်ဆိုင်တိုးမိသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ရဲအရာရှိသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသောကြောင့် စစ်ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း စစ်ကောင်စီသတင်းစာက ဆိုသည်။
ထိုရဲများကိုင်သည့် လက်နက် ၃ လက်ကိုလည်း ထိုလူအုပ်က ယူဆောင်သွားသည်ဟုလည်း ထိုသတင်းစာက ဆိုသည်။
ကြာသပတေးနေ့ညနေတွင် ရဲများနှင့်စစ်သားများသည် အမှုဖြစ်ပွားရာနေရာနှင့် အနီးရှိ ထည်တောကျေးရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်နှစ်လုံးကို ဖျက်ဆီးပြီး ရွာသား ၆ ယောက်ကို ဖမ်းဆီးခဲ့သည်ဟုဆိုသည်။
သောကြာနေ့စောစောတွင် ကား ၁၂ စင်းနှင့် ရဲနှင့်စစ်သား ၂၀၀ တို့ကို သပြေကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖြန့်ချထားလိုက်သည်။ လုံခြုံရေးတပ်များသည် ထည်တောကျေးရွာတွင် ရှာဖွေကြသည်ဟုဆိုသည်။ ထိုသို့ရှာဖွေချိန်တွင် ကျေးရွာသားများသည် ရွာကို စွန့်ခွာထွက်ပြေးသွားကြပြီဖြစ်သည်။
ထို့အပြင် အုတ်စီရွာ၊ ချောင်းမီးတို၊ သပြေကုန်းနှင့် သရက်ကန် စသည့် အခြားရွာ ၄ ရွာမှ ဒေသခံများသည်လည်း ဖမ်းဆီးခံရမည်ကို ကြောက်သောကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။
“အိမ်မပြန်ရဲလို့ ဒီမှာပဲ နှစ်ရက် သုံးရက်လောက်ဆက်နေရမယ်ထင်တယ်” ဟုတောထဲတွင် မိသားစုနှင့် ပုန်းအောင်းနေသော ထယ်တောဒေသခံအမျိုး သမီးတဦးက ဧရာဝတီသို့ သောကြာနေ့တွင်ပြောသည်။
လုံခြုံရေးတပ်များသည် ဝင်ရောက်စီးနင်းစဉ် ကျေးရွာအတွင်းရှိဆိုင်များမှ စားသောက်ကုန်များကို လုယူသွားပြီး ဘဲခြံတခုမှ ဘဲများကို ခိုးယူသွားကြောင်း ဒေသခံများပြောသည်။
ဗုဒ္ဓဟူးနေ့ကလည်း မြန်မာစစ်တပ်က ၎င်းတို့ တပ်ဖွဲ့ဝင် ၄ ဦးပျောက်ဆုံးသည်ဟုဆိုကာ ရှမ်းပြည်နယ်နှင့် နယ်စပ် ကယားပြည်နယ်မှ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး အနီးတွင် တတ်များဖြန့်ချသည်ကို လက်မခံသည့် ရွာသားများအား မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများ၊ ကျည်အစစ်များဖြင့် ပစ်ခတ်ချေမှုန်းကြောင်း ကယာပြည်နယ် အထွေထွေ သပိတ်ကော်မတီက ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
ပျောက်ဆုံးနေသည့် မည်သည့်တပ်ဖွဲ့ဝင်ကိုမျှ ရွာများတွင် မတွေ့သော်လည်း စစ်တပ်များသည် ဘုရားကျောင်းတခု၊ စာသင်ကျောင်းတခုနှင့် ရွာမှနေအိမ်များကို စခန်းချရန် သိမ်းပိုက်ခဲ့သည်။ ရွာသား အများအပြား ထွက်ပြေးနေရသည်။
ကြာသပတေးနေ့တွင် စစ်တပ်များသည် ရွာသား ၃၀ နှင့် ကယားပြည်နယ် စစ်အာဏာသိမ်းမှု အထွေထွေသပိတ်ကော်မတီဝင် ခွန်မျိုးလှိုင်ဝင်းကို ဖမ်းဆီးခဲ့သည်။ ခွန်မျိုးလှိုင်ဝင်းသည် ရွာသားများလွတ်မြောက်ရေးအတွက် စစ်တပ်နှင့်ဆွေနွေးစဉ် အဖမ်းခံရခြင်းဖြစ်သည်။
သောကြာနေ့တွင် စစ်တပ်က ထပ်မံရှာဖွေရာ အနက် ၃၅ ပေရှိသည့် ချောက်ထဲတွင် ပျောက်ဆုံး နေသည့် စစ်သည် ၄ ဦးစီးသွားသည့် ကား မီးလောင်နေသည်ကို တွေ့ရကြောင်း၊ ယင်းနေရာအနီး မျက်နှာပြင် အဝ အကျယ် ၅ ပေ ၊ မြေအနက် ၄၀ ပေရှိသည့် ကျင်းထဲတွင် ပျောက်ဆုံးနေသည့် စစ်သည် ၄ ဦး၏ ရုပ်အလောင်းများကို လက်နောက်ပြန်ကြိုးတုပ်ထားလျက် ပြန်လည်တွေ့ရှိရကြောင်း၊ ယင်းဖြစ်စဉ်တွင် သံသယရှိသူ ရွာသား ၄ ဦးကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှ ရွာများတွင်လည်း ကောလင်းအနီး ကန်သာ ရဲစခန်းမှ ပျောက်ဆုံးသွားသော လက်နက်များကို ရှာဖွေရန်ဟု ဆိုကာ ဝင်ရောက်စီးနင်းသည်။
ကသာတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြသူတဦးကို ပစ်သတ်ပြီး အခြားသူ သုံးဦးကို ဒဏ်ရာရစေသည့် တိုက်ခိုက်မှုတွင် ပါဝင်သည်ဟုဆိုကာ ထိုရဲစခန်းကို အင်္ဂါနေ့တွင် ဒေသခံများက ဝင်ရောက်စီးနင်းခဲ့သည်။
ရဲများ ထွက်ပြေးရပြီး ဆန္ဒပြသူများက ရဲစခန်းကို ရွှေဘိုမှ တပ်ဖွဲ့ဝင် ၁၀၀ ရောက်လာသည်အထိ ခဏတာ သိမ်းပိုက်ထားလိုက်သည်။
ဒေသခံများ၏ စီးနင်းမှုအပြီးတွင် လက်နက် ၅ လက်ပျောက်သည်ဟု ဆိုသည်။ ၎င်းတို့အနက် ၄ လက်ကို ဖျက်ဆီးထားကြောင်း တွေ့ရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ တွင် သောင်းနှင့်ချီသောသူများသည် နေ့ရောညပါ လမ်းမများပေါ်ထွက်ပြီး စစ်ကောင်စီကို အန်တုနေကြသည်။
စစ်ကောင်စီ တပ်များသည် ကျည်အစစ်များ၊ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ၊ သေစေနိုင်သော လေသေနတ်များသုံးပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများအား ဖြိုခွဲနေသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လူပေါင်း ၂၄၇ ဦးကို စစ်ကောင်စီလုံခြုံရေးတပ်များက ပစ်သတ်ခဲ့ပြီးဖြစ်သည်။
You may also like these stories:
သပိတ်ကျင်းမှာ ၁၆ နှစ်အရွယ် မိန်းကလေးတဦး ပစ်သတ်ခံရ
ပဲခူးက ဒုရဲအုပ် ဈာပန ကူညီမည့် နာရေးအသင်း မရှိ
နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများ နေရပ်ပြန်