သတင်း

စစ်တပ်ထံ ရိက္ခာ မရောက်စေရန် KNU တပ်မဟာ ၅ တားဆီးထား

Want create site? Find Free WordPress Themes and plugins.

သံလွင်မြစ်ကမ်း နံဘေးတွင် သောင်တင်နေသည့် ဆန်၊ ဆီ၊ လက်ဖက်ခြောက်၊ အသားဗူး စသည့် ရိက္ခာများ စစ်တပ်၏ တပ်စခန်းများသို့ မရောက်စေရန် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၅ က တားဆီးထားမည်ဟု သတင်း ရရှိသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင်း စစ်ရေးတင်းမာမှု ရှိနေသဖြင့် KNU တပ်မဟာ (၅) က စစ်တပ်၏ တပ်ရင်းများ ရိက္ခာ ပြတ် တောက်စေရန် ရိက္ခာသယ်ယူရေး လမ်းကြောင်းများကို ပိတ်ဆို့ထားသည်။

စစ်တပ်က ပြည်တွင်းလမ်းကြောင်းမှ ရိက္ခာသယ် မရသဖြင့် သံလွင်မြစ် တဖက်ကမ်းရှိ ထိုင်းနိုင်ငံဘက်မှ ဆန်အိတ် ၇၀၀ နှင့် ဆီပုံးများကို ဝယ်ယူထားသော်လည်း KNU တပ်မဟာ (၅) က ဖြတ်သန်း သယ်ဆောင်ခွင့် မပြုသဖြင့် ဆန်အိတ်များ မှာ မြစ်ကမ်းဘေးတွင် သောင်တင်နေသည်မှာ ၃ ရက် ရှိပြီ ဖြစ်သည်။

KNU တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောကလယ်ဒိုက “ဆန်အိတ်တွေ မရောက်ရှိရေး ကျနော်တို့ တား ထားတယ်။ ဒါကို မလိုက်နာ၊ မနာခံဘဲ ဆန်အိတ်တွေ သယ်လာရင် ကျနော်တို့ ပိုင်နက်ဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့် ရှိသလို လုပ်ဆောင်သွားမှာပါ။ အခုက မီးမလောင်ခင် ရေကြိုလောင်းတဲ့အနေနဲ့ အနူးအညွတ် တောင်းပန်ထားတယ်။ ပဋိပက္ခ ကြီး သထက်ကြီးအောင် မဖြစ်စေချင်လို့ ကြိုတင် တားထားတာပါ။ မလိုက်နာလို့ သယ်လို့ တစုံတခုဖြစ်လာရင် ကျနော်တို့ တာ ဝန် မယူဘူး” ဟု ပြောသည်။

KNU တပ်မဟာ (၅) သည် မြန်မာ စစ်တပ်အာဏာရှင်၏ စစ်သည်များအတွက် ရိက္ခာများ သယ်ဆောင်ပေးသူများကို လုံး ဝ (လုံးဝ) သည်းခံမည် မဟုတ် ဟူသည့် သတိပေးစာတစောင်ကိုလည်း မြန်မာ၊ ထိုင်း နှစ်ဘာသာဖြင့် ထုတ်ပြန်ထား သည်။

ထိုင်းဘက်မှ ဝယ်ယူထားသည့် ဆန်အိတ် ၇၀၀ နှင့် ဆီပုံးများကို မတ်၂၀ ရက် နေ့လယ်ပိုင်းက သံလွင်မြစ်ကမ်းဘေး၌ အထမ်းသမားများက လာချပေးသွားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံဘက်မှ သံလွင်မြစ်ကို ဖြတ်ကူးပြီး ရောက်ရှိလာသည့် ဆန်အိတ် ၇၀၀ နှင့် ဆီပုံးများ

ဆန်အိတ်များကို သံလွင်မြစ်ကမ်းဘေးမှ စစ်တပ်၏ စခန်းများသို့ ရောက်အောင် သယ်ဆောင်မည် ဆိုပါကလည်း KNU တပ်မဟာ(၅) နယ်မြေကို ဖြတ်သန်းရမည် ဖြစ်သည်။

ဖာပွန်ခရိုင်တွင်း စစ်ရေးပဋိပက္ခကြောင့် ဒေသခံ ကရင်လူထု ၅၀၀ ကျော်မှာ စစ်ဘေးသင့်နေခြင်း၊ အာဏာသိမ်း စစ်တပ်ကို မထောက်ခံခြင်း၊ အာဏာသိမ်း စစ်တပ်က စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုကို နိုင်ငံတဝှမ်း နှိပ်စက်သတ်ဖြတ်ခြင်းများ ကို လက်မခံနိုင်ခြင်းကြောင့်ဟု ဆိုကာ KNU တပ်မဟာ (၅)က ၎င်းတို့ နယ်မြေကို ဖြတ်သန်းပြီး ရိက္ခာ သယ်ယူခွင့်မရရန် ပိတ်ဆို့ထားခြင်း ဖြစ်သည်။

ဗိုလ်မှူး စောကလယ်ဒိုက “သူတို့က ဒီအချိန်ဆို ပုံမှန် ရိက္ခာသယ်တယ်။ ဒါပေမယ့် ဒီနှစ်မှာက သူတို့က အာဏာသိမ်း တယ်။ လူထုကို နှိပ်စက်တယ်၊ ပြီးတော့ သူတို့က တရားဝင် အစိုးရလည်း မဟုတ်ဘူး။ ကျနော်တို့ နယ်မြေမှာ လာတပ်စွဲပြီး စစ်အာဏာရှင် သက်ဆိုးရှည်ရင် သူတို့ ဆက်တည်တံ့နေမယ်။ ဒါကို ရှုမြင်လို့ သူတို့ ရိက္ခာ မပို့နိုင်အောင် ကျနော်တို့ တား တာ ဖြစ်တယ်။ ပြည်သူလူထုကလည်း မလိုလားဘူး။ ကျနော်တို့က ပြည်သူလူထု ဆန္ဒအတိုင်း ရပ်တည်ပေးတဲ့ သဘော လည်း ဖြစ်ပါတယ်” ဟု ပြောသည်။

ဖာပွန်ခရိုင်တွင်း စစ်တပ်၏ ရိက္ခာများ သယ်ယူ၍ မရဘဲ ပိတ်မိနေခြင်းနှင့် ပတ်သက်၍ စစ်တပ်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသည့်အပြင် KNU တပ်မဟာ (၅) ထံသို့လည်း သယ်ယူခွင့်ပြုရန် ခွင့်တောင်းခြင်း မရှိကြောင်း သိရသည်။

ဆန်အိတ်များ ထိုင်းနိုင်ငံဘက်မှ သယ်လာပြီး သံလွင်မြစ်ကမ်းဘေးတွင် လာချထားသည့် မတ်၂၀ ရက်ကလည်း ကရင် လူ ထု၊ ကရင် အရပ်ဘက်အဖွဲ့အစည်းများအပြင် ပြည်မနှင့် ပြည်နယ်အသီးသီးမှ လူထုက စစ်တပ်ကို ရိက္ခာများ ထောက်ပံ့ ခြင်း မပြုရန် ထိုင်းစစ်တပ်ကို ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြသည်။

လူထုများက Facebook ၊ Twitter လူမှုကွန်ရက်များတွင် နိုင်ငံတကာမှ သိမြင်အောင် ရေးသားပြီး အာဏာရှင် စစ်တပ် အတွက် ရိက္ခာသယ်ယူရေး ကူညီပေးသည့် ထိုင်းစစ်တပ်ကို ရှုတ်ချကြောင်း၊ လူထုကို သတ်ဖြတ်နေသည့် အာဏာသိမ်း စစ်တပ်၏ တပ်ရင်းများကို အထောက်အပံ့ မပေးရန် ရေးသားမှုများ ပြုလုပ်ခဲ့သည်။

မတ်၂၀ ရက် ညပိုင်းတွင် ထိုင်းစစ်တပ်၊ နရဲစွမ် တပ်ဖွဲ့မှ တပ်မှူး၊ ဗိုလ်ချုပ် Amnat Srimak က မြန်မာစစ်တပ်ထံသို့ ရိက္ခာ ပေးပို့ခြင်း မရှိသည့်အပြင် ထိုင်းနိုင်ငံဘက်ကိုလည်း မြန်မာစစ်တပ်မှ အကူအညီတောင်းခြင်း မရှိပါဟု ဘန်ကောက်ပို့စ် သတင်းဌာနကို ငြင်းဆိုခဲ့သည်။

သံလွင်မြစ်ကမ်းနံဘေး ရောက်ရှိနေသည့် ဆန်အိတ်များမှာ သာမန် နယ်စပ်ဖြတ်ကျော်ပြီး ကူးသန်းရောင်းဝယ်ရေး လုပ် သည့် စီးပွားရေးကိစ္စ တခုသာ ဖြစ်သည်ဟုယူဆပြီး ဥပဒေနှင့် ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများကို ထိုင်းနိုင်ငံဘက် မှ တားမြစ်ပိတ်ပင်ခြင်းများ မပြုလုပ်ပါ ဟုလည်း ဗိုလ်ချုပ် Amnat Srimak က ဆိုသည်။

မြန်မာ နယ်နိမိတ်ပိုင်ဖြစ်သည့် သံလွင်မြစ်ကမ်းဘေးရှိ နယ်မြေသည် KNU တပ်မဟာ (၅) နယ်မြေဖြစ်ပြီး ကရင်စစ်သား များ၊ ကရင်လူထုများ နေထိုင်သည့် ကျေးရွာများ၊ ကရင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းများနှင့် အာဏာသိမ်း စစ်ကောင်စီ ၏ ရှေ့တန်း တပ်စခန်းများသာ ရှိသည်။

အဆိုပါ ဆန်အိတ် ၇၀၀ နှင့်ဆီပုံးများသည် KNU တပ်မဟာ (၅)၊ ကရင်လူထုနှင့် ကရင်စစ်ဘေးရှောင်ဒုက္ခသည်များ၏ ပစ္စည်းများ မဟုတ်သဖြင့် ထိုင်းစစ်တပ်က ပြောဆိုသည့်အတိုင်း စီးပွားရေးအရ ကူးသန်းရောင်းဝယ်သည့် ကိစ္စမဟုတ်ဘဲ စစ်တပ်၏ ရိက္ခာများသာ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုထားသည်။

KNU သည်၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေး ထိုးထားသော်လည်း တပ်မဟာ (၅) နယ်မြေတွင်း စစ်တပ်၏ တပ်စခန်းများ တိုးချဲ့မှု၊ လမ်းဖောက်လုပ်မှုများကြောင့် စစ် ရေး ပဋိပက္ခများသည် ရပ်တန့်ခြင်း မရှိခဲ့ပါ။

NCA အရ ဖွဲ့စည်းထားသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်သည်လည်း စစ်တပ် နှင့် KNU တပ်မဟာ (၅) ကြား ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခများကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါ။

စစ်တပ်နှင့် KNU ကြား ပဏာမ အပစ်ရပ် စာချုပ်များ ချုပ်စဉ်က ဖာပွန်ခရိုင်တွင်း စစ်တပ်၏ တပ်စခန်းများမှာ ၇၀ ခန့်ရှိ ကြောင်း သဘောတူညီထားသော်လည်း အပစ်ရပ်စာချုပ် ချုပ်ပြီးနောက်တွင် စစ်တပ်က ဒေသဖွံ့ဖြိုးရေးဟု အကြောင်းပြ ကာ လမ်းဖောက်လုပ်သည့်အပြင် တပ်စခန်းလည်း ၁၀ ခုခန့် ထပ်တိုးချဲ့ဆောက်လုပ်ခဲ့သည်။

KNU တပ်မဟာ (၅) သည် မြန်မာနှင့် ထိုင်းနိုင်ငံကြား တည်ဆောက်ရန် သဘောတူညီထားသည့် ဟတ်ကြီးရေကာတာ စီမံကိန်း လုပ်မည့် အချက်အချာကျ သံလွင်မြစ်ကြောဧရိယာမှ စ၍ ထိုင်း-မြန်မာ နယ်နိမိတ်တကြောအထိ ကျယ်ပြန့်သည်။

KNU က စစ်တပ်၏ တပ်စခန်းအသစ်များကို ပြန်လည် ဆုတ်ခွာသွားရန် စာပို့တောင်းဆိုခြင်း၊ ညှိနှိုင်းခြင်း လုပ်ဆောင် သော်လည်း မပြေလည်သဖြင့် ပဋိပက္ခများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီမှ စ၍လည်း ဖာပွန်ခရိုင်တွင်း KNLA တပ်မဟာ (၅) နှင့် စစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားမှုရှိပြီး လက်ရှိအချိန်ထိ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

You may also like these stories:

သံလွင်မြစ်ကမ်းဘေးမှ ဆန်အိတ်များ အာဏာသိမ်းစစ်တပ်၏ ရိက္ခာဖြစ်မည်ကို လူထုက စိုးရိမ်နေ

စစ်ကောင်စီကို တော်လှန်ဖို့ ဖက်ဒရယ်တပ်မတော် ဖွဲ့နိုင်မလား

EAO အဖွဲ့များကို မတရားအသင်းမှ ပယ်ဖျက်ခြင်း ဖက်ဒရယ်တပ်ဖွဲ့ရေး အထောက်အပံ့ ဖြစ်နိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading