စစ်တပ်နှင့်ရဲက ဖမ်းဆီးထားသော ဆန္ဒပြကျောင်းသားများ လွတ်မြောက်ရေးအတွက်လည်း လိုက်လံ အကျိုးဆောင်ပေးနေ တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်ကို စစ်တပ်နှင့် ရဲက မတ်လ၂၁ ရက် ည ၈ နာရီတွင် ရိုက်နှက်ဖမ်းဆီးသွား ကြောင်း ၎င်းနှင့် နီးစပ်သူ ရှေ့နေအချို့က အတည်ပြုသည်။
ဦးနိုင်လင်းဇော်သည် စမ်းချောင်းမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ရှိနေစဉ် စစ်တပ်နှင့် ရဲက အင်အားသုံးကာ ဝင်ရောက် ဖမ်း ဆီးသွားခြင်းဖြစ်ကြောင်း၊ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ၎င်းတို့က ပြောသည်။
ဦးနိုင်လင်းဇော်သည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအတွက် အခမဲ့ရှေ့နေ လိုက်ပေးဖူးသူဖြစ်ပြီး စစ်တပ်နှင့်ရဲ က ဖမ်းဆီးထားသော ဆန္ဒပြကျောင်းသားများ လွတ်မြောက်ရေးအတွက်လည်း လိုက်လံ အကျိုးဆောင်ပေးနေသူလည်း ဖြစ်သည်။
ဦးနိုင်လင်းဇော်ကို ယခုကဲ့သို့ အင်အားသုံး ဖမ်းဆီးခြင်းသည် ဆန္ဒပြသူများအရေး ကူညီပေးနေသည့် ရှေ့နေများ၏ လုံခြုံ ရေးကိုပါ ခြိမ်းခြောက်နေသည့်သဘော ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် ရှေ့နေတဦးက ပြောသည်။
“ကျနော်တို့လည်း လက်ရှိ အချိန်မှာ ရှောင်နေရတယ်ပေါ့။ ဒီဟာက ပွင့်ပွင့်လင်းလင်းပြောရရင် မလုံခြုံဘူးလို့ ခံစားနေရ တာပေါ့။ တကယ် ဥပဒေအရ ကူညီပေးနေတဲ့ ရှေ့နေတွေအတွက် မလုံခြုံသလို ခံစားနေရတာပေါ့” ဟု ၎င်းက ဆိုသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီ (ဘားကောင်စီ) အဖွဲ့ဝင် တဦးကလည်း ရှေ့နေ ဦးနိုင်လင်းဇော် အဖမ်းခံရသည်ဟု ကြားသိရသော်လည်း ဘားကောင်စီအနေနှင့် ကူညီဆောင်ရွက်ပေးနိုင်မှု မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“ဘာမှန်း ရေရေရာရာ မသိသေးဘူး။ အခုအချိန်မှာ ဘာမှမပြောနိုင်သေးဘူး။ ဘားကောင်စီက Semi– Government လို အဖွဲ့အစည်း။ အစိုးရ ပါဝင်တဲ့ အဖွဲ့အစည်းဖြစ်နေလို့ လတ်တလောတော့ သဘောထားမှတ်ချက်ဘာမှ မပေးနိုင်သေးဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။
စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်မှ လက်ရှိအချိန်အထိ ရှေ့နေများ အဖမ်းခံရခြင်း၊ ခြိမ်းခြောက် ခံနေရခြင်းများ ရှိနေသော်လည်း ၊ အရေအတွက် အတိအကျ မသိရသေးကြောင်း တရားလွှတ်တော် ရှေ့နေများက ပြော ဆိုသည်။
You may also like these stories:
စစ်ကောင်စီ၏ သတ်ဖြတ်မှုများကို ICC တင်ရန် CRPH လမ်းရှာနေ
စစ်တပ်ကို ကြောက်၍ ထွက်ပြေးသည့် ဒီပဲယင်း ဒေသခံများ အိမ်မပြန်ရဲသေး
CRPH က အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်သလို စစ်ကောင်စီကလည်း မတရားအသင်း ကြေညာ