မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများအား ပစ်ခတ်ရန် အမိန့်ကို ငြင်းဆန်၍ အိန္ဒိယနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည့် မြန်မာရဲအရာရှိများက သူတို့ကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် နှင့် လူသားချင်းစာနာ ထောက်ထားမှု အရ သူတို့ကို ခိုလှုံခွင့်ပေးရန် အိန္ဒိယ အစိုးရထံ တောင်းဆိုနေသည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ် ကျေးရွာတခုတွင် ခိုလှုံခွင့် တောင်းခံခဲ့သော အရာရှိတဦးက ပြဿနာများ ဖြေရှင်း မပြီးမီ အထိ မိမိတို့တိုင်းပြည်သို့ မပြန်ချင်သေးကြောင်း ပြောသည်။
AP သတင်းဌာနနှင့် စကားပြောဆိုခဲ့သည့် အဆိုပါ အရာရှိနှင့် အခြားသူများက မြန်မာနိုင်ငံတွင် ရှိ နေသေးသော မိသားစုဝင်များ၏ လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် အမည်ဖော်ပြခြင်း မပြုဘဲ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
“ဆန္ဒပြသူများကို ဖမ်းဆီးရန်၊ ရိုက်နှက်ရန်၊ ညှင်းပန်းနှိပ်စက်ရန်” စစ်သားများက သူတို့ကို အမိန့်ပေးခဲ့ပြီး ဆန္ဒပြပွဲရှိသည့် အခါတိုင်း ရဲတပ်ဖွဲ့ကို ရှေ့ဆုံးသို့ ပို့သည်ဟု ထွက်ပြေးလာသော နောက်ထပ် အရာရှိတဦးက AP သတင်းဌာနသို့ ပြောသည်။ ရဲအရာရှိများ အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာလာရန်မှ လွဲ၍ အခြား ရွေးချယ်စရာလမ်း မရှိကြောင်း သူက ပြောသည်။
မြန်မာနိုင်ငံမှ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု နောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့များ၏ နှိမ်နင်း ဖြိုခွဲမှုကြောင့် နယ်စပ်ကိုဖြတ်ကျော်၍ အိန္ဒိယ နိုင်ငံတွင်းသို့ ဒုက္ခသည် အမြောက်အမြား ရောက်ရှိလာခဲ့သည်။
အိန္ဒိယမှ ပြည်နယ်နှင့် ဖက်ဒရယ် အာဏာပိုင်များက ကိန်းဂဏန်း အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အရေအတွက်က ရာနှင့်ချီ၍ ရှိနိုင်သည်ဟု ပြည်နယ် ဝန်ကြီးအချို့ က ပြောကြားခဲ့သည်။ အိန္ဒိယ ကျေးရွာတရွာ တွင် ပြီးခဲ့သည့်နှစ်ပတ်အတွင်း အိန္ဒိယ နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ရဲတပ်ဖွဲ့ဝင် ၃၄ ဦး နှင့် မီးသတ်သမား တဦး ကို ခိုလှုံခွင့်ပေးခဲ့ ကြောင်းသိရသည်။
ဆန္ဒပြသူများအား ပစ်ခတ်ရန် သူတို့ကို အမိန့်ပေးခဲ့သည် ဆိုသော သူတို့၏ ပြောဆိုချက်များကို AP သတင်းဌာန အနေဖြင့် လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိခဲ့သော်လည်း မြန်မာနိုင်ငံ အတွင်းမှ လုံခြုံရေးတပ်ဖွဲ့ များ၏ ဖြိုခွဲမှုနှင့် ပတ်သက်သောပုံများနှင့် မှတ်တမ်းများတွင် အရပ်သားများအပေါ် ပြင်းထန်သော အကြမ်းဖက်မှုများ မြင်တွေ့ခဲ့ရသည်။ အာဏာသိမ်းချိန်မှစ၍ လုံခြုံရေး တပ်ဖွဲ့များ၏ သတ်ဖြတ်မှု ကြောင့် လူ ၂၅၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။
အိန္ဒိယ၏ ဖက်ဒရယ်အစိုးရနှင့် မီဇိုရမ်ပြည်နယ်တို့ကြားတွင် ဒုက္ခသည်များ ဝင်ရောက်လာမှုနှင့် ပတ်သက်၍ ကွဲလွဲမှုများ ရှိနေသည်။ အစောပိုင်းက မီဇိုရမ် ပြည်နယ် အစိုးရက ဒုက္ခသည်များကို ဝင်ခွင့်ပေးခဲ့ပြီး သူတို့ကို စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ ထောက်ပံ့ပေးခဲ့သည်။
သို့သော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်များမှ အပ ဒုက္ခသည်များ အိန္ဒိယသို့ ဝင်ရောက်ခြင်းမှ တားဆီးရေး အစီအမံများပြုလုပ်ရန် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက မီဇိုရမ် အပါအဝင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယ ပြည်နယ် ၄ ခုသို့ ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ၏ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက် သို့မဟုတ် ၎င်း၏ ၁၉၆၇ ခုနှစ် သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် ပြည်နယ်များ အနေဖြင့် မြန်မာနိုင်ငံမှ ဝင်ရောက်လာသည့် မည်သူကိုမဆို ဒုက္ခသည်အဆင့်အတန်း သတ်မှတ်ခွင့်မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောသည်။
မတ်လ ၁၈ ရက် နေ့တွင် မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ် Zoramthanga က ဝန်ကြီးချုပ် Narendra Modi ထံ စာရေးသားခဲ့ပြီး သူ၏ ပြည်နယ်တွင် ဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပြဿနာကို အိန္ဒိယက မျက်ကွယ်ပြု၍ မရနိုင်ကြောင်း ပြောကြားခဲ့သည်။
ပြည်နယ် ဝန်ကြီးချုပ် Zoramthanga ၏ စာတွင် မြန်မာနိုင်ငံ ချင်းတိုင်းရင်းသား အသိုင်းအဝိုင်းများမှ ဒုက္ခသည်များနှင့် လူမျိုးရေးအရ ဆက်ဆံမှုများ ရှိနေသည့် သူ၏ ပြည်နယ်မှ ပြည်သူများက “သူတို့ (မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများ) ၏ ဆင်းရဲဒုက္ခကို ဂရုမစိုက်ဘဲ မနေနိုင်ကြောင်း” ရေးသားခဲ့သည်။ ဖယ်ဒရယ်အစိုးရ အနေဖြင့် ၎င်း၏ အမိန့်ကို ပြန်လည်သုံးသပ်ရန်နှင့် ဒုက္ခသည်များကို အိန္ဒိယသို့ ဝင်ခွင့်ပြုရန် သူက တိုက်တွန်းလိုက်သည်။
နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသော ရဲအရာရှိများကို ပြန်ပို့ပေးရန် မြန်မာနိုင်ငံက အိန္ဒိယသို့ ယခုလအစောပိုင်းတွင် တောင်းဆိုခဲ့သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ၁၆၄၃ ကီလိုမီတာ (မိုင် ၁၂၂၀) ထိစပ်နေပြီး မြန်မာနိုင်ငံရှိ ပြည်နယ်အမျိုးမျိုးမှ ရောက်ရှိလာသည့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ နေထိုင်ရာ နေရာလည်း ဖြစ်သည်။
ကိုးကား။ ။ AP
You may also like these stories:
ပဲခူးက ဒုရဲအုပ် ဈာပန ကူညီမည့် နာရေးအသင်း မရှိ
စစ်တပ်က လက်စားချေရန် ခြိမ်းခြောက်သောကြောင့် ရွာသားများ ထွက်ပြေး
သေနတ်ထောက် ခြိမ်းခြောက်ခိုင်းခြင်း ILO သို့ တိုင်ကြားရန်လို