တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့အနက်မှ အများစုက စစ်အာဏာသိမ်းကောင်စီက ကျင်းပမည့် တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားအား တက်မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ထံသို့ တပ်မတော်နေ့ အခမ်းအနားနှင့် ညစာစားပွဲ တက်ရောက်ရန် ပေးပို့သည့် ဖိတ်ကြားစာများ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီးနောက် KNU ၏ Twitter စာမျက်နှာတွင် မတ်၂၀ ရက်က “KNU အနေဖြင့် လွပ်လပ်မှု၊ တရားမျှတမှု၊ လူသားဆန်မှုနဲ့ လူ့ဂုဏ်သိက္ခာကို ထင်ဟပ်တဲ့ အခမ်းအနားတွေကိုသာ တက်ရောက် သည်” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
KNU တာဝန်ရှိသူတဦးက “ဗဟိုကော်မတီ အစည်းအဝေးနဲ့လည်း တိုက်နေတယ်၊ အစည်းအဝေးက ၁ လလောက်ကြာ တယ်။ ဗိုလ်ချုပ် ဂျော်နီကလည်း ကျန်းမာရေးအရ ဆေးကုသမှု ခံယူနေရတာ ရှိတယ်။ အဲဒါတွေကြောင့် တပ်မတော်နေ့ကို မတက်ဖြစ်ဖို့ များတယ်” ဟု ပြောသည်။
လတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီ တပ်များနှင့် KNU တပ်မဟာ ၅ တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထိခိုက်ကျဆုံးမှုများနှင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်ရမှုများလည်း ရှိနေ သည်။
ယင်းပြင် ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုများကို လည်း လုံခြုံးရေးလိုက်ပါ စောင့်ရှောက်ပေးမှုများ KNU က ပြုလုပ်ပေးလျက်ရှိသည်။
တပ်မတော်နေ့ အခမ်းအနားနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တခုဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း တက်ရောက်ရန် အစီအစဉ် မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ရဲဘော်သံခဲက “ကျနော့်ဆီတော့ တိုက်ရိုက် စာရောက်တာ မရှိဘူး။ ရုံးအနေနဲ့တော့ ရောက်နေနိုင်ပါတယ်။ တက်ဖို့တော့ အစီအစဉ် မရှိပါဘူး” ဟု ပြောသည်။
NCA လက်မှတ် ရေးထိုးထားသည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကလည်း တပ်မတော်နေ့ ဖိတ် ကြားမှုနှင့် ပတ်သက်ပြီး တက်ရောက်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံကတော့ တပ်မတော် နေ့နှင့် ပတ်သက်ပြီး ဖိတ်ကြားထားခြင်း ရှိ မရှိ မသိရသေးကြောင်းနှင့် တက်မတက်ကိုလည်း ဗဟိုကော်မတီမှ ဆုံးဖြတ် ထားခြင်း မရှိသေးကြောင်း ပြောသည်။
RCSS အဖွဲ့သည် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒဖော်ထုတ်နေသူများ၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင် သည့် စစ်သား၊ ရဲနှင့် အစိုးရ ဝန်ထမ်းများအား ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း လာရောက် ခိုလှုံပါက လက်ခံမည်ဖြစ် ကြောင်း ကြေညာထားပြီး လက်ရှိတွင် ခိုလှုံလာသူများ ရှိနေကြောင်း သိရသည်။
လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ကလည်း တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်မည်မဟုတ်ကြောင်း ဧရာဝတီသို့ပြောသည်။
NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်သည့် CDM လှုပ်ရှားမှုများအား အပြည့်အဝထောက် ခံပြီး လက်ရှိကာလအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှုများအား ရပ်ဆိုင်းထားမည်ဖြစ် ကြောင်း ဖေဖော်ဝါရီလ၂၀ ရက်ကတည်းက ကြေညာထားသည်။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ငြိမ်း ချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA)၊ မွန်ပြည်သစ်ပါ တီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့က လက်မှတ်ရေးထိုးထားသည်။
You may also like these stories:
ဆန္ဒပြလူထုကြား KIA ဗုံးခွဲမည် ဟူသည့် စာများ စစ်တပ်က လိုက်ဖြန့်နေ
စစ်တပ်ထံ ရိက္ခာ မရောက်စေရန် KNU တပ်မဟာ ၅ တားဆီးထား
စစ်ကောင်စီကို တော်လှန်ဖို့ ဖက်ဒရယ်တပ်မတော် ဖွဲ့နိုင်မလား