ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီ တံဆိပ်ရွှေ ၇ ပိဿာ ပေးခဲ့သည်ဆိုသော ရုပ်သံဖိုင်တခုကို ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် အာဏာသိမ်း စစ် ကောင်စီ၏ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြသရာ အများပြည်သူက မယုံကြည်ကြကြောင်း သိရသည်။
ဦးဖြိုးမင်းသိန်း၏ ပါးစပ် သိပ်မလှုပ်ခြင်း၊ အသံ မတည်ငြိမ်ဘဲ ပုံမှန် မဟုတ်ခြင်းတို့ကြောင့် နည်းပညာဖြင့် အသံတု ပြုလုပ် ထုတ်လွှင့်ခြင်း ဖြစ်နိုင်ကြောင်း လူမှုကွန်ရက်တွင် ပြောဆိုဝေဖန်လျက်ရှိသည်။
“ဖြိုးမင်းသိန်း အသံလည်း မဟုတ်သလို ပါးစပ်ပေါက်ကိုက်ဖို့ မပြောနဲ့ လှုပ်တောင် မလှုပ်ဘူးဆိုတော့ ပြောစရာ စကားကို မရှိတော့တာပဲ”ဟု မျိုးဆွေသန်း အမည်ဖြင့် ဖေ့ဘုတ်စ် သုံးစွဲသူတဦးက ရေးသားထားသည်။
အများပြည်သူကို ယုံကြည်စေချင်ပါက သတင်းစာ ရှင်းလင်းပွဲနေရာသို့ ဦးဖြိုးမင်းသိန်းကို ခေါ်လာခိုင်းပြီး ထွက်ဆိုခိုင်းသင့် ကြောင်း ရေးသားသူများလည်း ရှိသည်။
ရန်ကုန်မြို့ တွင် နေထိုင်သူ သတင်းစာဆရာ ဦးမြင့်ကျော်က“ကြည့်ရတာတော့ သူ(ဦးဖြိုးမင်းသိန်း) စကားပြောတဲ့အသံ ပါပဲ။ ဒါပေမယ့် ဘယ်လို ဖိအားပေးထားတာတွေ ရှိသလဲဆိုတာတော့ ကျနော်တို့ မသိနိုင်ဘူး”ဟု ပြောသည်။
ဦးဖြိုးမင်းသိန်းက ဗီဒီယိုဖိုင်ထွက်ဆိုချက်တွင် အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည်ထံသို့ ၃ ကြိမ် သွားရောက်ပြီး ဒေါ်လာနှင့် ရွှေများကို ကိုယ်တိုင် ပေးခဲ့သည်ဟု ဖော်ပြပါရှိသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်၍လည်း ရန်ကုန်မြို့တွင် မြေငှားရမ်းခ သက်သာအောင် ကူညီပေးခဲ့ကြောင်း ထွက် ဆိုထားသည်။
စစ်ကောင်စီက ပြီးခဲ့သည့် တခေါက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစု ကြည်ကို ဒေါ်လာနှင့် ရွှေများပေးခဲ့ကြောင်း ရှင်းလင်းချက်ကို မယုံကြည်ကြသဖြင့် ယခုလို ဗီဒီယိုဖိုင် ထုတ်ဖော်ပြသရခြင်း ဖြစ်ကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
You may also like these stories:
တပ်မတော်နေ့ အခမ်းအနား အပစ်ရပ်အဖွဲ့အများစု တက်မည်မဟုတ်
အကြမ်းမဖက်နှင့် အကြမ်းဖက်နည်းလမ်းများအပေါ် ကျိုးကြောင်းဆင်ခြင်ခြင်း
ရှောင်တိမ်းလာသော မြန်မာရဲများ အိန္ဒိယတွင် ခိုလှုံခွင့် တောင်း