ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် စစ်အာဏာရှင် အုပ်ချုပ်ရေး ယန္တရား ပေါ်ပေါက်လာရေး အတွက် ခြိမ်းခြောက်ဖိအားပေးပြီး ဧည့်စာရင်းစနစ် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြကြောင်း သိရသည်။
အာဏာသိမ်းခဲ့သည်မှာ ၅၁ရက် ရှိပြီ ဖြစ်သော်လည်း စစ်ကောင်စီမှာ အောက်ခြေတွင် အုပ်ချုပ်ရေးယန္တရားကို ကိုင် တွယ် နိုင်ခြင်း မရှိသေးရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ စသည့် မြို့နယ်များတွင် ဖိအားပေးကာ ပြန်လည်တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်တွင် လွန်ခဲ့သည့် ၃ ရက်ကတည်းက ရပ်ကွက်အတွင်း လမ်းမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးဟောင်းများ ကိုပါ အသုံးပြုပြီး ဧည့်စာရင်းများတိုင်ရန် ဖိအားပေးနေခြင်းကြောင့် ရပ်ကွက်အတွင်း နေထိုင်သူ အများအပြား ဧည့်စာရင်း တိုင်နေရကြောင်း ဒေသခံအချို့ထံက သိရသည်။
လှိုင်သာယာမြို့နယ် နေသူတဦးက လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး “ဧည့်စာရင်းက ကျနော်တို့ ကိုယ်တွေ့ သွားတိုင် ရတယ်။ မတိုင်ရင် သူတို့ရဲ့ လမ်းမှူး၊ ရာအိမ်မှူးတွေက သိနေတယ်” ဟု ပြောသည်။
“ငါးဦး ကော်မတီ ဖွဲ့တယ်။ စစ်တပ်ပါတယ်။ ရဲပါတယ်။ အုပ်ချုပ်ရေး ပါတယ်။ ရပ်မိရပ်ဖတယောက် ထည့်တယ်။ ကျန်းမာ ရေး ပါတယ်။ ပြီးတော့ ရပ်ကွက်ထဲမှာ ဘာပဲလုပ်ချင်၊ လုပ်ချင် အဲဒီအဖွဲ့ကို ပြောရမယ်။ နောက်ဆုံး ပြည်သူလူထုမှာ စား ဝတ်နေရေး အခက်အခဲရှိလို့ ဆန်တွေ၊ ဘာတွေ လှူချင်ရင်တောင် သူတို့ကို ပြောပြီး လုပ်ရမယ်” ဟု ၎င်းက ဆက်ပြော သည်။
စစ်တပ်အင်အားများဖြင့် အထိုင်ချခြင်း၊ လှည့်ကင်း၊ ကင်းပုန်းစသည့် နည်းလမ်းများစွာဖြင့် လူထုကို ခြိမ်းခြောက်ထားရုံမက အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း စသည့် နည်းလမ်းများကိုပါ အသုံးပြုနေကြောင်း မြို့နယ်အသီးသီးမှ ဒေသခံများ ထံက သိရသည်။
ရွှေပြည်သာမြို့နယ်နေသူတဦးက “ဧည့်စာရင်း မတိုင်မနေရ တိုင်ရမယ်။ ပြီးတော့လည်း ဧည့်စာရင်းကို ယူပြီး သူတို့ လိုရင် လိုသမျိုး ပေါ်တာဆွဲထည့်မယ်လို့လည်း သူတို့ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး အသစ်က လာပြောသွားတယ်။ တအိမ်တက် ဆင်း လာအသိပေးသွားတယ်” ဟု ပြောသည်။
ယင်းသို့ ဖိအားပေး ဧည့်စာရင်း တိုင်ခိုင်းခြင်း၊ အချိန်အခါ မရွေးဝင်ရောက် ဖမ်းဆီးမှုများ ရှိနေခြင်း၊ ပေါ်တာဆွဲမည်ဟု ခြိမ်း ခြောက်မှုများလည်း ရှိနေခြင်းကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ကိုယ်ထိလက်ရောက် ပါဝင်ထားခြင်း မရှိသည့် သက်ကြီးရွယ်အိုများက အစ အထိတ်ထိတ်အလန့်လန့်ဖြင့် နေထိုင်နေရကြောင်း သိရသည်။
“ကိုယ့်အိမ်ထဲမှာ ကိုယ်နေပြီး လုံခြုံမှု မခံစားရဘူး။ ငါ့အိမ်ထဲမှာ ငါနေပေမယ့် ဘယ်အချိန် ဝင်ဖမ်းမလဲဆိုတာမျိုး။ ပြီးခဲ့တဲ့ ရက်တွေက ဆန္ဒပြခဲ့တဲ့သူတွေတင် မဟုတ်ဘူး။ သက်ကြီးရွယ်အိုပိုင်းတွေကအစ ဒီလိုခံစားနေရတယ်”ဟု လှိုင်သာယာ မြို့နယ် နေထိုင်သူတဦးက ပြောသည်။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း လူအများအပြားကို ပေါ်တာဆွဲကာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ခဲ့သလို ထောင်ကျ အကျဉ်းသားများကိုလည်း ရှေ့တန်းသို့ ပို့ကာ လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်တပ်က ပြုလုပ်ခဲ့ဖူးသည်။
သာကေတမြို့နယ် နွယ်အေးရပ်ကွက်တွင် စစ်ကောင်စီက အုပ်ချုပ်ရေးမှူး ခန့်အပ်ပြီးသည့်နောက် မတ်လ၂၂ ရက် ည ပိုင်းက အုပ်ချုပ်ရုံးမှူးရုံး မီးလောင်မှု ဖြစ်ပေါ်ခဲ့ပြီး စစ်တပ်နှင့်ရဲက ရပ်ကွက်တွင်း ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ပုဂ္ဂလိကပိုင် ယာဉ် များကိုလည်း ရိုက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် ယနေ့ မနက်ပိုင်း၌လည်း အဆိုပါ ရပ်ကွင်းတွင်းရှိ ပြည်သူ၂၀ ကျော်ကိုလည်း ဝင်ရောက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ သည်။
စစ်ကောင်စီက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ပြင်ဆင်ချက်အရ ဖျက်သိမ်းထားသော ဧည့်စာရင်းစနစ် ပြန်လည် အသက်ဝင်လာမည်ဖြစ်သည်။
ညအိပ် လာရောက် တည်းခိုသူအတွက် ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်ပါက ထိုသူကို ကျပ်တသောင်းထက် မပိုသော ငွေဒဏ် ချမှတ်ရမည်ဖြစ်ပြီး ငွေဒဏ် မပေးဆောင်လျှင် ၇ ရက်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည်ဟု ပြင်ဆင်ချက် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင် ထုတ်ပြန်လိုက်သော ရပ်ကျေးဥပဒေနှင့် နိုင်လွတ်လုံ ဥပဒေများသည် တရားမဝင် သည့်အတွက် ပြည်သူများ လိုက်နာရန် မလိုအပ်ကြောင်း ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ က ဖေဖော်ဝါရီ ၁၄ တွင် ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။
You may also like these stories:
စမ်းချောင်းတွင် စစ်တပ်နှင့်ရဲက ဆန္ဒပြမှု မဖြစ်စေရေး ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေ
စစ်တပ်၏ ညပိုင်း အကြမ်းဖက် ဖမ်းဆီးမှု များလာ၊ တက္ကသိုလ်များကိုလည်း စီးနင်းထား
စစ်တပ်ကို ကြောက်၍ ထွက်ပြေးသည့် ဒီပဲယင်း ဒေသခံများ အိမ်မပြန်ရဲသေး