အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေသော နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန CDM ဝန်ထမ်း ၁၅၀ ခန့် သည် ယခုရက်ပိုင်းတွင် ရုံးပြန်တက်ရန် ဖိအားပေး ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ၂၂ ရက်မှ စတင်ပြီး ရုံးပြန်မတက်သည့် ဝန်ထမ်းများကို ဝန်ထမ်းအိမ်ရာများမှ ဖယ်ခိုင်းခြင်း၊ အလုပ်တာ ဝန်များမှ ရပ်ဆိုင်းခြင်းနှင့် တရားစွဲဆိုသွားမည် ဟုဆိုကာ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ရုံးပြန်လည်တက်ရန် ခြိမ်း ခြောက် ပြောဆိုလျက်ရှိကြောင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအောက်ရှိ CDM ပြုလုပ်နေသော ဝန်ထမ်းများက ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ဝန်ကြီးဌာနဘက်မှ တရားဝင် စာထုတ်ပြောကြားခြင်း တစုံတရာ မရှိသေးသည့် အတွက် ၎င်းတို့ ပြော ဆိုချက်များကို မလိုက်နာဘဲ ပုံမှန်အတိုင်း ဆက်လက်နေထိုင်ကြဆဲ ဖြစ်ကြောင်း CDM ပြုလုပ်နေသော အင်ဂျင်နီယာ တဦး က ဆိုသည်။
“ကျနော်တို့ကို ရာထူးကနေ ထုတ်တယ်၊ ဖယ်ခိုင်းမယ်ဆိုရင် တရားဝင်စာ ထုတ်လိုက်ရင်တော့ ကျနော်တို့က ဖယ်ပေးမှာ။ ဒါပေမယ့် သူတို့ အဲဒီလိုလုပ်ခိုင်းရင်လည်း ဝန်ထမ်းဥပဒေနဲ့ ဘာမှမညီဘူး” ဟု ၎င်းက ပြောဆိုသည်။
ထိုသို့ ပြုလုပ်ခြင်းသည် စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေသော ရာထူးကြီး ဝန်ထမ်းတချို့က CDM ပြုလုပ်နေ သော အငယ်တန်း ဝန်ထမ်းများအပေါ် တရားမဝင် ဆက်သွယ်ခြိမ်းခြောက် ပြောဆိုခြင်း ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ CDM ဝန်ထမ်းတဦးက ပြောသည်။
“တခြားဌာနတွေဆိုရင် စာထုတ်တာမျိုး ရှိတယ်။ ကျနော်တို့ ဝန်ကြီးဌာနက ဘာစာမှမထုတ်ဘဲ အခုလိုမျိုး လိုက်ခြိမ်း ခြောက်ပြီး ပြောနေတာ” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ဝန်ထမ်းအများအပြားက CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့်အတွက် ဝန်ကြီးဌာန၏ လုပ်ဆောင်နေဆဲ စီမံကိန်းအများစုနှင့် လုပ်ငန်းများမှာ ဆက်လက် လည်ပတ်နိုင်ခြင်း မရှိဘဲ ရပ်တန့်လျက်ရှိနေကြောင်း သိရသည်။
လတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီက CDM လှုပ်ရှားမှုတွင် ပါဝင်သော မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန အပါအဝင် ဝန်ကြီးဌာနတချို့မှ ဝန်ထမ်းများကို ရာနှင့်ချီ ရာထူးမှ ထုတ်ပယ်ခြင်း၊ ယာယီရပ်ဆိုင်းနှင့် နေအိမ် လိုင်းခန်းများမှ ဖယ်ရှားခိုင်းလျက် ရှိသည်။
၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြရာတွင် ပါဝင်သည့် ဝန်ထမ်းများကို မေးခွန်း ၃၂ခု ဖြေဆိုခိုင်းပြီး ရာထူးမှ ထုတ်ပစ်ခြင်း၊ ဝေးလံသည့် နယ်များသို့ ပြောင်းရွှေ့ပစ်ခြင်း၊ ရာထူးလျော့ခြင်း၊ ရာထူးမတက်စေရန် လုပ်ဆောင်ခြင်း များ ရှိခဲ့သည်။
You may also like these stories:
ထိုးသူမရှိ၍ ထီဖွင့်ရက်ကို ရွှေ့ဆိုင်းသော်လည်း ဝယ်သူ မရှိဖြစ်နေ
ဗဟိုဘဏ် CDM ဝန်ထမ်း ၂၀၀ ကျော် တာဝန်မှ ယာယီရပ်နားခံရ
မလွှကုန်း မီးရထားဝင်းက CDM သူရဲကောင်းများ