အာဏာသိမ်း စစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများအပေါ် အာဏာကို အလွဲသုံးစားလုပ်ပြီး သတ်ဖြတ်၊ ဖမ်း ဆီး နှိပ်စက်နေခြင်းအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၇၇ ဖွဲ့က မတ် ၂၁ ရက်စွဲ ဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။
ရခိုင်လူမှုအဖွဲ့အစည်းများကွန်ရက်၊ ရခိုင်အမျိုးသမီးများကွန်ရက်၊ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ ခမီ အင်အားစုဖောင်ဒေးရှင်း၊ မြိုလူငယ်များဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ပုဏ္ဏားကျွန်း)၊ သက်လူငယ်များအဖွဲ့၊ ရသေ့တောင် လူ ငယ်ကွန်ရက် စသည်ဖြင့် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၇၇ ဖွဲ့က စုပေါင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ရခိုင်အရပ်ဘက် အဖွဲ့အစည်းများသည် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးဆိုင်ရာ စံချိန်စံညွှန်းများကို တန်ဖိုးထား လေးစားလိုက် နာသည့် အဖွဲ့အစည်းများ ဖြစ်သည်နှင့်အညီ ယခုကဲ့သို့ အာဏာကို အလွဲသုံးစားလုပ်နေမှုအပေါ် ကန့်ကွက်ရှုတ်ချသလို လက်နက်မဲ့ ပြည်သူများအပေါ် အင်အား အလွန်အကျွံသုံး နှိမ်နင်းဖြိုခွင်းသည့် လုပ်ရပ်များကိုလည်း လုံးဝ အဆုံးသတ်ပေး ရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက “အခုလို ဖြစ်ပျက်နေတဲ့ အချိန်မှာ တန်ဖိုးရှိတဲ့ လူငယ်တွေ သွေးမြေကျကြရ တယ်။ လူသားဆန်မှုမရှိဘဲ ဖောက်ဖျက်တဲ့ လုပ်ဆောင်ချက်တွေကို တွေ့မြင်လာရတယ်။ ပြီးတော့ ရိုက်နှက်ညှဉ်းပန်းသတ် ဖြတ်တာတွေကို တွေ့မြင်လာရတဲ့အချိန်မှာ ကျမတို့လည်း ကိုယ်ချင်းစာတယ်။ အဲဒီလို ဖြစ်ပျက်တဲ့ နွံတောထဲမှာ ကျမတို့ လည်း ကိုယ်တိုင်လက်တွေ့ ခံစားနေရတာဖြစ်တဲ့အတွက် အခုလိုမျိုးကြေညာချက် ထုတ်ပြန်ရတာ ဖြစ်တယ်” ဟု ဧရာဝတီ ကို ပြောသည်။
၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖမ်းဆီးခံထားရသူများ၊ ထိခိုက်သေဆုံးခဲ့ကြသူများနှင့် ၎င်းတို့၏ မိသားစုများအတွက်လည်း ထပ်တူထပ်မျှ စိတ်ထိခိုက် ဝမ်းနည်းကြေကွဲရကြောင်း၊ ကိုယ်စိတ်နှစ်ပါး လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြစိတ်ဖြင့် အသက်ရှင် နေကြရသည်ကိုလည်း ရခိုင်လူမျိုးများနှင့် ရခိုင်ဒေသခံလူမျိုးစုများကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ဖူးပြီး ဖြစ်သည့်အတွက် ကိုယ် ချင်းစာ စိတ်မကောင်းဖြစ်ရကြောင်း ရေးသားထားသည်။
ထို့ပြင် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြသဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရန်၊ ပြည်သူများ လိုလားသော ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို အခြေခံသည့် ဖက်ဒရယ် ဒီမို ကရေစီစနစ်ကို အသိအမှတ်ပြု လက်ခံပြီး အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။
ခမီအင်အားစုဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရွှေဖော်စိန်က “ကျနော်တို့ တရားမျှတမှု တခုကိုတော့ အားလုံး နေရာမှာ လိုလား တယ်။ ပြည်သူလူထုအပေါ်မှာ လက်နက်ကို အားကိုးပြီးတော့ သေစေလောက်တဲ့ အကြမ်းဖက်မှုမျိုးကို ကျနော်တို့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ မနှစ်သက်တဲ့အတွက် ပြည်သူလူထုအပေါ်မှာ ထပ်ပြီးတော့ မကျူးလွန်ဖို့ ရည်ရွယ် ချက်နဲ့ အခုလို ထုတ်ပြန်လိုက်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့သို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက စစ်ကောင်စီ၏ လုပ်ရပ်ကို ရှုတ်ချနေသော်လည်း ရခိုင်နိုင်ငံရေးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)ကမူ စစ်ကောင်စီနှင့် ပူးပေါင်းကာ နေရာရရှိရေး လုပ်ဆောင်နေသလို၊ တပ်မတော်မှ အာဏာသိမ်းသည့် နေ့ကလည်း ANP ပါတီမှ အမတ်လောင်းတဦးနှင့် ရက္ခိုင်စစ်တပ် (AA) ဒုတိယစစ်ဦးစီး ချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က လည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အထိမ်းအမှတ်နေ့တွင် ပါဝင်အောင်ပွဲခံကြရန် လှုံ့ဆော်ခဲ့သေးသည်။
စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ အချိန်အထိ စစ်တပ်နှင့်ရဲများ၏ အကြမ်းဖက်ဖြိုခွင်း၊ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးသူ ၂၅၀ ဦး ရှိခဲ့ပြီဖြစ်ပြီး ၂၂၉၀ ဦးမှာလည်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ် ခြင်း ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
You may also like these stories:
သံလွင်မြစ်ကမ်းဘေးက ဆန်နှင့်ဆီပုံးများ ထိုင်းနိုင်ငံဘက်သို့ ပြန်သယ်ဆောင်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန CDM ဝန်ထမ်းရာကျော် ဖိအားပေးခြိမ်းခြောက်ခံနေရ
ရန်ကုန်မြို့နယ်အချို့ ခြိမ်းခြောက်ဖိအားပေး၍ ဧည့်စာရင်းစနစ် ပြန်စတင်