ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒထုတ်ဖော်ရင်း ဖမ်းဆီးခံထားရသူများထဲမှ ၆၂၈ ဦးမှာ ယနေ့ မတ်လ ၂၄ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေများက ပြောသည်။
ပြန်လည် လွတ်မြောက်လာသူများမှာ မတ်လ ၃ ရက်နောက်ပိုင်း ဖမ်းဆီးခံထားရသူများထဲမှ ကျား ၃၆၀ ဦး၊ မ ၂၆၈ ဦးတို့ ဖြစ်ပြီး မနက် ၁၀ နာရီခန့်တွင် အကျဉ်းထောင်ထဲမှ YBS ခရီးသည်တင် ယာဉ်များဖြင့် သက်ဆိုင်ရာမြို့နယ် ရဲစခန်းအသီး သီးသို့ ပို့ဆောင်ခဲ့သည်ကိုလည်း တွေ့ရသည်။
ဥပဒေအကြံပေး တဦးဖြစ်သူ ဦးခင်မောင်မြင့်က “အားလုံးဖမ်းဆီးထားတဲ့ သူတွေထဲက စိစစ်ပြီး လွှတ်လို့ရသလောက် လွှတ်ပေးတဲ့ အနေအထားပါ၊ အခု လွတ်လာတဲ့သူတွေက ချုပ်ရမန် မယူရသေးတဲ့သူတွေပါ။ ကျန်တဲ့ ချုပ်ရမန်ယူထားပြီး သားသူတွေကတော့ တရားရုံးတွေကနေ စိစစ်ပြီး လွှတ်ပေးမယ် ထင်ပါတယ်” ဟု ပြောသည်။
ယနေ့ လွတ်ပေးခဲ့သည့် စုစုပေါင်း ၆၂၈ ဦးနှင့် ပတ်သက်၍လည်း အကျဉ်ထောင် တာဝန်ရှိသူများက အတည်ပြုပေးခဲ့ ကြောင်း ၎င်းက ပြောသည်။
တပ်မတော်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီအနေဖြင့် ဆန္ဒပြ ပြည်သူများအား သေနတ်များ ဖြင့် ပစ်ခတ်ကာ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် မတ်လ ၂၃ ရက်အထိ ကလေးငယ်များ အပါအဝင် နိုင်ငံတဝှမ်း သေဆုံး သူ၂၇၅ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်ထားသည်။
ယင်းပြင် မတ်လ ၂၃ ရက်အထိ ဖမ်းဆီးခံထားရသူများအနေဖြင့်လည်း ၂၄၀၀ ဦးကျော် ရှိနေပြီး ၎င်းတို့ထဲမှ တရားစွဲခံထား ရသူ၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူများလည်း အပါအဝင် ဖြစ်ကြောင်းလည်း AAPP က ထုတ်ပြန်ထားသည်။
You may also like these stories:
ရန်ကုန်မြို့နယ်အချို့ ခြိမ်းခြောက်ဖိအားပေး၍ ဧည့်စာရင်းစနစ် ပြန်စတင်
အာဏာသိမ်းပြီး ၁ လကျော်အတွင်း စက်သုံးဆီဈေးနှုန်းများ ပိုမိုမြင့်တက်လာ
ဆန္ဒထုတ်ဖော်ပုံတွေ ပြောင်းလဲလာတဲ့ “မြန်မာ့ နွေဦးတော်လှန်ရေး”