စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို အင်တာနက်မရ သောကြောင့်ဆိုကာ စစ်ဆေးနိုင်ခြင်း မရှိဘဲ ဧပြီလ ၁ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိုလိုက်မည့် ရှေ့နေအဖွဲ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးကို သွားရောက်ခဲ့ သော်လည်း ရှေ့နေတဖွဲ့လုံးကို အဝင်မခံဘဲ ယင်းအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးနှင့် ဦးယုယချစ် တို့ကိုသာ တရားရုံးသို့ လာရောက် ခွင့်ပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အမှု အတွက် လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ရုံးချိန်းကြာ တယ်ဆိုတာကတော့ အမှုကို ကြန့်ကြာတာပေါ့ဗျာ။ စွပ်စွဲခံရတဲ့သူ နစ်နာတာပေါ့။ အင်တာနက် ကောင်းတယ် မကောင်း ဘူးဆိုတာ ကျနော်တို့လည်း သိပ်တော့ မသိဘူးပေါ့။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ နစ်နာသလားဆိုတာ ထည့်တော့ စဉ်းစား ကြည့်ရမှာပေါ့။ ဘာလို့လည်းဆိုတော့ ဒီလောက် အရေးကြီးတဲ့အမှုလေ။ အင်တာနက် ဝိုင်ဖိုင် မရှိဘူး ဆိုတာ ဒါကတော့ ဘယ်သူ နစ်နာသလဲတော့ ကျနော်လည်း မသိပါဘူး” ဟု ဦးခင်မောင်ဇော်က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက် ရုံးချိန်းတွင်လည်း အင်တာနက် မရဟူ၍ အကြောင်းပြ၍ ယနေ့ မတ်လ ၂၄ ရက်ကို ရွှေ့ဆိုင်း ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်ပါရန်အတွက် ရှေ့နေ ၇ ယောက်ပါဝင်သည့် Legal Defense Team အဖြစ် ဆောင် ရွက်သွားမည် ဖြစ်ပြီး လက်ရှိတွင် စီနီယာရှေ့နေကြီးများကို ရှေ့နေ ပါဝါပေးခွင့်ရရှိရန် ဆောင်ရွက်ပေးခြင်း မရှိဘဲ ထိုအဖွဲ့မှ လူငယ်ရှေ့နေများဖြစ်သော ဒေါ်မင်းမင်းစိုးနှင့် ဦးယုယချစ် တို့၂ ဦးသာ ရှေ့နေ ပါဝါတင်ခွင့် ရရှိနိုင်ဖွယ်ရှိကြောင်း ယင်း အဖွဲ့ထံက သိရသည်။
“ဒီ၂ ယောက်ပဲ ရှေ့အနေအနေနဲ့ ဆောင်ရွက်ခွင့် ပေးတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားလည်း မဟုတ် ဘူး” ဟု ပြောသည်။
အမှု ၄ မှုဖြင့် စွပ်စွဲခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်းရင်ဆိုင်နေရသည့် အမှုများအတွက် ရှေ့နေငှားရမ်းခွင့် ရရှိမှသာ အမှုကို ဆက်လက် စစ်ဆေးရန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးက ပြီးခဲ့သည့် ရုံးချိန်းတွင် ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အမှု ၂ မှု ထပ်တိုးဖွင့်လှစ်ခဲ့သည်။
ယင်းပုဒ်မ၂ ခု မတိုင်မီ ပြီးခဲ့သည့် ရုံးချိန်းများကလည်း သဘာဝ ဘေးစီမံခန့်ခွဲမှုခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန် သွင်းကုန် ပုဒ်မ ၈ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားပြီး ဖြစ်သဖြင့် စုစုပေါင်း အမှု ၄ မှုနှင့် ရင်ဆိုင်နေရသည်။
ယနေ့တွေင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုများ ထပ်တိုးဖွင့်ထားခြင်း ရှိမရှိ တရားရုံးသို့ ဝင်ခွင့်ရသည့် ရှေ့နေများက မေး မြန်းခဲ့ရာ ယခု တရားရင်ဆိုင်နေရသည့် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင်မူ အမှုများ ထပ်တိုးထားခြင်း မရှိသေးကြောင်း တရားရုံး တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့သည် ဟု ဆိုသည်။
You may also like these stories:
စစ်ကောင်စီက မျှော်လင့်ချက်ကြီးသည့် တိုင်းပြည်အနာဂတ်ကို လမ်းမများပေါ်တွင် သတ်ဖြတ်နေ
CRPH ဦးဆောင်သူများကို ဖမ်းဆီးရမိရေး Interpol ထံအကြောင်းကြားထားဟု စစ်ကောင်စီထုတ်ပြန်
စစ်ကောင်စီ၏ ဦးဖြိုးမင်းသိန်း ဗီဒီယိုဖိုင် ထုတ်ပြန်မှု လူများ မယုံကြည်ကြ