ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းက ရက္ခိုင့်စစ်တပ် (AA) နှင့် ပတ်သက် ဆက်နွယ်မှု ရှိသည်ဟုဆိုကာ တရားစွဲခံ ထားရသည့် မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော် အပါအဝင် ၄ ဦးကို လာမည့် မတ်လ ၃၀ ရက်တွင် တောင် ကုတ်မြို့နယ် တရားရုံး၌ အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦး စန်းငွေ၊ ရခိုင်အမျိုးသားပါတီ တောင်ကုတ်မြို့နယ် အလုပ်အမှုဆောင် ဦးဝေသောင်းနှင့် ဦးဇေယျကျော်၏ညီ မိုက်ကယ် (ခ) စည်သူကျော်ဇံတို့ ၄ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် တောင် ကုတ်မြို့နယ်တရားရုံး၌ စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
အမှုနှင့်ပတ်သက်သည့် နှစ်ဖက်သက်သေများအား စစ်ဆေးမှု ပြီးစီးသွားပြီ ဖြစ်သောကြောင့် ယနေ့ (မတ် ၂၄ ရက်) နှစ် ဖက် လျှောက်လဲချက် ပေးခဲ့ကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင် က ပြောသည်။
၎င်းက “ဒီနေ့ ရုံးတော်မှာ နှစ်ဖက်လျှောက်လဲချက် ပေးပါတယ်။ ကျမတို့ဘက်ကတော့ စွပ်စွဲချက်တွေက သက်သေလည်း ခိုင်ခိုင်လုံလုံ မရှိဘူး။ အကြမ်းဖက်မှုနဲ့လည်း မပတ်သက်ဘူး။ သူတို့ဟာ ပရဟိတသမားတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း ကို လျှောက်လဲပါတယ်။ ရုံးတော်ကတော့ လာမယ့် မတ်လ ၃၀ ရက်နေ့ကို အပြီးသတ် အမိန့်ချဖို့ ရုံးချိန်းပေး လိုက်ပါတယ်” ဟု ရှင်းပြသည်။
၎င်းတို့ ၄ ဦးကို ပြီးခဲ့သည့် ၂၀၂၀ မေလအတွင်းက စစ်ဆေးစရာများ ရှိသည်ဟုဆိုကာ မြို့နယ်ရဲတပ်ဖွဲ့က နေအိမ် မှ လာရောက် ခေါ်ဆောင်သွားခဲ့ပြီးနောက် ရက္ခိုင့်စစ်တပ် (AA) နှင့် ပတ်သက် ဆက်နွယ်မှု ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အား တရားစွဲဆိုထားသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)သည် ထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်း အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီက မတရားအသင်းအဖြစ် ကြေညာထားသည့် ရက္ခိုင့်စစ်တပ် (AA)ကို မတရားအသင်းအဖြစ်မှ ပြန်လည်ရုတ်သိမ်းပေးခဲ့သည်။
You may also like these stories:
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန CDM ဝန်ထမ်းရာကျော် ဖိအားပေးခြိမ်းခြောက်ခံနေရ
ဆန္ဒပြကျောင်းသားများ လွတ်မြောက်ရေး ကူညီပေးသည့် ရှေ့နေ ရိုက်နှက်ဖမ်းဆီးခံရ
စစ်တပ်က လက်စားချေရန် ခြိမ်းခြောက်သောကြောင့် ရွာသားများ ထွက်ပြေး