မြန်မာနိုင်ငံ၏ မတည်ငြိမ်သေးသော ရခိုင်ပြည်နယ်မှ အဓိက လူမျိုးစုလက်နက်ကိုင်အဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (Arakan Army – AA) သည် မြန်မာနိုင်ငံတွင် လွန်ခဲ့သောလက စစ်အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများအား အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ပြီး အခြားတိုင်းရင်းသား အုပ်စုများနှင့် တူညီသော သဘောထားရှိကြောင်း ပြသလိုက်သည်ဟု Reuters သတင်းတပုဒ်က ဆိုသည်။
သက်တမ်းရှည်ပြီဖြစ်သော ပြည်တွင်းစစ်ကို မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် လက်နက်ကိုင်တိုက်ခိုက်နေသော အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြားက ဒီမိုကရေစီ လိုလားသော ဆန္ဒပြပွဲများကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြသော်လည်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းအတွင်း တပ်မတော်နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး ယခုအခါ အပစ်ရပ်ထားသော AA က စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား မရှုတ်ချသေးပေ။
“မြန်မာနိုင်ငံတဝန်းမှာ အပြစ်မဲ့ပြည်သူတွေ ပစ်သတ်ခံနေရတာ တော်တော်စိတ်မကောင်းစရာပဲ” ဟု AA ပြောခွင့်ရသူ ခိုင်သုခက ပြောပြီး ၎င်းတို့အဖွဲ့သည် ပြည်သူများနှင့်အတူ ရှိကြောင်း သူဆက်ပြောသည်ဟု သတင်းကဆိုသည်။
“မြန်မာစစ်တပ်နဲ့ ရဲတွေရဲ့ လုပ်ရပ်ဟာ အရမ်းရက်စက်ပြီး လက်ခံနိုင်စရာမရှိဘူး” ဟုလည်း ခိုင်သုခက ပြောသည်။
AA သည် အဖိနှိပ်ခံ ရခိုင်ပြည်သူများအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း၊ ဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူများအားလုံးသည် တစုတစည်းထဲ ဖိနှိပ်မှုမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မည်ဖြစ်ကြောင်းလည်း ပြောကြောင်း သတင်းက ဆိုသည်။
မြန်မာစစ်တပ်သည် ဆန္ဒပြပွဲများကို စတင်ဖြိုခွဲချိန်နောက်ပိုင်းတွင် လူ ၂၆၁ ယောက်ကို ပစ်သတ်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကပြောသည်။
အာဏာသိမ်း စစ်ကောင်စီက ဖေါ်ပြထားသည့် ရည်မှန်းချက်များတွင် အချို့လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်ရှိ အပစ်အခတ်ရပ်စဲရေးအပေါ် အခြေခံပြီး ထာဝရ ငြိမ်ချမ်းရေးတည်ဆောက်မည်ဟု ဖေါ်ပြထားသည်။
ရခိုင်ပြည်နယ်အခြေစိုက် လူမှုအခြေပြုအဖွဲအစည်းများက စစ်ကောင်စီအနေဖြင့် အာဏာသိမ်းမှုကို စွန့်လွှတ်ရန်နှင့် ပြည်သူ့ဆန္ဒဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစနစ်ကို လက်ခံရန် တနင်္ဂနွေနေ့က တောင်းဆိုခဲ့သည်။
ကိုးကား။ ။ Reuters
You may also like these stories:
ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချ
သံလွင်မြစ်ကမ်းဘေးက ဆန်နှင့်ဆီပုံးများ ထိုင်းနိုင်ငံဘက်သို့ ပြန်သယ်ဆောင်
ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ
စစ်ကောင်စီကို တော်လှန်ဖို့ ဖက်ဒရယ်တပ်မတော် ဖွဲ့နိုင်မလား