နိုင်ငံတော်၏ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှုများအတွက် ၎င်းဘက်မှ လိုက်ပါ ဆောင်ရွက် ရန် ရှေ့နေပါဝါ ယနေ့ ရရှိပြီဖြစ်ကြောင်း ယင်းအမှုကိုရှေ့နေလိုက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုး က ဧရာဝတီသို့ ပြောသည်။
နေပြည်တော်ရှိ ရဲစခန်းတခုမှ ရှေ့နေပါဝါ ရရှိနေရေးအတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့၏ အမှုများအတွက် တရားလွှတ်တော်ရှေ့နေများ ဖြစ် သော ဒေါ်မင်းမင်းစိုးနှင့် ဦယုယချစ် တို့က ဆောင်ရွက်ခွင့်ရမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်ပါရန်အတွက် ရှေ့နေ ၇ ယောက်ပါဝင်သည့် Legal Defense Team အဖြစ် ဆောင် ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် စီနီယာရှေ့နေကြီးများကို ရှေ့နေပါဝါ ပေးခွင့်ရရှိရန်ဆောင်ရွက်ခြင်း မရှိပေးဘဲ ထိုအဖွဲ့မှ လူငယ်ရှေ့နေများ ဖြစ်ကြသော ဒေါ်မင်းမင်းစိုးနှင့် ဦးယုယချစ်တို့ ၂ ဦးကိုသာ ပါဝါရရှိရန် အာဏာပိုင်များက ဆောင်ရွက် ပေးခဲ့ခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅၊ ပို့ကုန်သွင်းကုန် ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့်နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် ဇမ္ဗူသီရိတရားရုံးတွင် တရားရင်ဆိုင်နေရသည်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို သဘာဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။
ယင်းအမှုများနှင့် ပတ်သက်၍ ယခင်တရားရုံးချိန်းများဖြစ်သော မတ်လ ၁၅ ရက်နှင့် မတ်လ ၃၁ ရက် ရုံးချိန်း ၂ ကြိမ် ဆက်တိုက်လုံးတွင် အင်တာနက် မရရှိဟု ဆိုကာ ရုံးထုတ်စစ်ဆေးနိုင်ခြင်း မရှိခဲ့ဘဲ လာမည့် ဧပြီလ ၁ ရက်ကို ပြန်လည် ချိန်းဆိုထားသည်။
You may also like these stories:
တိုင်းရင်းသားတပ်များက မြန်မာ့ဒီမိုကရေစီအင်အားစုများကို ကယ်ဆယ်နေ
CRPH ဦးဆောင်သူများကို ဖမ်းဆီးရမိရေး Interpol ထံအကြောင်းကြားထားဟု စစ်ကောင်စီထုတ်ပြန်
အင်တာနက် မရ၍ ဒေါ်အောင်ဆန်းစုကြည်အမှု ဧပြီလ ၁ ရက်ကို ထပ်ရွှေ့