ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ကျန်းမာရေး ဝန်ထမ်းများကို အထွေထွေအုပ်ချုပ်ရေးနှင့် အထက်လူကြီးတချို့ ပူးပေါင်းပြီး ခြိမ်းခြောက်မှုများ ရှိနေကြောင်း သိရသည်။
CDM ကျန်းမာရေး ဝန်ထမ်းတဦးက “ထွေအုပ်နဲ့ ပေါင်းပြီးတော့ ခြိမ်းခြောက်ခိုင်းတာပေါ့။ ဖုန်းဆက်ပြီးတော့ ဒီတပတ် အ တွင်း ပြန်လာရင် ပြန်လာ၊ ပြန်မလာရင် မထင်မှတ်ထားတဲ့ အခြေအနေဆိုးတွေနဲ့ ကြုံတွေ့ရမယ် ဆိုပြီးတော့ ခြိမ်းခြောက် တာတွေရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် သတ်မှတ်ရက်အတွင်း ပြန်မလာပါက အလုပ်တာဝန်များ ဆိုင်းငံ့မည်၊ လစာ စာရင်းတွင် ထည့်သွင်းရေးဆွဲခြင်း မပြု၊ အစိုးရချေးငွေများကို လကုန်အပြီး ပြန်ဆပ်ရမည် စသည်ဖြင့် အမျိုးမျိုးအကျပ်ကိုင် ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ရွေးကောက် တင်မြှောက်ထားသည့် အစိုးရကိုပဲ လက်ခံကာ CDM ကို အဆုံး အထိ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု CDM ဝန်ထမ်းများက ဆိုသည်။
CDM ပြုလုပ်နေသည့် ဆရာဝန်မ တဦးက “အဆုံးထိ CDM ကို ဆက်သွားမှာ။ စစ်တပ် အုပ်ချုပ်တာကို မကြိုက်လို့ ပြည် သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့၊ ညီမတို့ ဆန္ဒမဲပေးထားတဲ့၊ ပြည်သူအများစုက လက်ခံပြီးတော့ တင်မြှောက်ထား တဲ့အစိုးရကိုပဲ လက်ခံတဲ့အတွက်ကြောင့်မလို့ စစ်တပ်အာဏာသိမ်းတာကို မလိုလားလို့ CDM လုပ်နေတာ” ဟု ပြောသည်။
ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးပိုင်း အပါအဝင် ကျန်းမာရေး ဝန်ထမ်းပေါင်း ၂၀၀ နီးပါးက CDM ပြုလုပ် လျက်ရှိပြီး ငပုတောမြို့နယ် အတိုင်းအတာအရ CDM ဝန်ထမ်း ၆၁ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။
CDM တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားအရေးယူ ဆောင်ရွက်ခြင်းပြုသည့် ဝန် ထမ်းအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ ဝန်ထမ်း တဦးချင်းစီအား မှတ် တမ်းထား ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနက မတ် ၁၆ ရက်နေ့ ရက်စွဲဖြင့် အသိပေးချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။
ထို့ပြင် CDM တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများကို မူလ အလုပ်တာဝန်များ တည်မြဲရေး၊ နစ်နာမှုများ ပြန်လည် ကုစားနိုင် ရေးနှင့် ဂုဏ်ပြုချီးမြှောက်မှုများ ဆောင်ရွက်သွားမည့်အပြင် တခြားသော ချုပ်နှောင်ထိန်းသိမ်းခံရခြင်း၊ ထောင်ဒဏ်ကျခံရ ခြင်းတို့ ရှိခဲ့ပါကလည်း ပြစ်မှုမှတ်တမ်းများကို ခြွင်းချက်မရှိ ပယ်ဖျက်မည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။
၂၀၂၁ မတ်လ ၃၁ ရက်နေ့တွင် CDM တံခါးကို ခြွင်းချက်မရှိ ပိတ်သိမ်းမည်ဖြစ်ပြီး Non CDM ဝန်ထမ်းများကို ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက အတိအလင်း ထုတ်ပြန်ကြေညာထားသည်။
You may also like these stories:
စစ်ကောင်စီရဲ့ လက်နက်ကိုင်များ ကလေးသူငယ်တွေကို ပစ်မှတ်ထားလာသလား
စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရသူ ၆၀၀ ကျော် ပြန်လွတ်လာ