ကချင်ပြည်နယ် ဗန်းမော်ခရိုင် အလော့တောင်(Alaw Bum)ရှိ စစ်တပ်၏ ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က တိုက်ခိုက်သိမ်းယူလိုက်ပြီဟု သတင်း ရရှိသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KIA ၏ တပ်ရင်း ၃၀ သည် မတ် ၂၄ ရက် ညနေ ၅ နာရီ က Alaw Bum ဗျူဟာကုန်းကို စတင် တိုက်ခိုက်ခြင်း ဖြစ်ပြီး မတ်၂၅ ရက် မနက် ၄ နာရီတွင် အပြီးသတ် တိုက်ခိုက် သိမ်း ယူနိုင်ခဲ့သည်ဟု အတည်ပြု ပြောဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက “Alaw Bum က တရုတ်နယ်စပ်နဲ့လည်း နည်းနည်းနီးတဲ့ နေရာ ဖြစ်တယ်။ ဒေါ့ဖုန်းယန်တို့ရဲ့ အရှေ့ ဘက်ခြမ်းမှာကျတဲ့ တောင်ကုန်းဖြစ်ပါတယ်။ စစ်ဗျူဟာနဲ့ ပြောမယ်ဆိုရင် နည်းနည်းတော့ ဗျူဟာကျတဲ့နေရာ ဖြစ်ပါ တယ်။ အရင်က ဒုတိယကမ္ဘာစစ်တုန်းမှာလည်း အင်္ဂလိပ်တပ်တွေ နေရာချတဲ့ နေရာဟောင်းလည်း ဖြစ်ပါတယ်။ ဗျူဟာ ကုန်းလို့ ပြောလို့ရပါတယ်။ အခု သတင်းတွေ ကြားနေရတဲ့ စခန်း ၃ ခု သိမ်းတယ်ဆိုတာ မဟုတ်ပါဘူး။ ကျန်တာက Alaw Bum ကို ဝိုင်းရံထားတဲ့ ကာကင်းတွေကို သိမ်းတာ ဖြစ်ပါတယ်” ဟု ပြောသည်။
KIA၏ တပ်ရင်း ၃၀ သည် စစ်တပ်၏ ဗျူဟာကုန်းကို သိမ်းယူပြီးနောက် ပြန်ဆုတ်ခွာခြင်း မရှိဘဲ လက်ရှိတွင် Alaw Bum ဗျူဟာကုန်း၌ စခန်းထိုင်နေပြီဟု သိရသည်။
အဆိုပါ ဗျူဟာကုန်းကို KIA က တိုက်ခိုက်ရသည်မှာ မတ်၂၂ ရက်မှစ၍ KIA ၏ လိုင်ဇာမြို့ အနီးပတ်ဝန်းကျင်ရှိ တပ် စခန်းများ၊ လိုင်ဇာမြို့သို့ အဝင်/အထွက် ပြုလုပ်နိုင်သည့် လမ်းကြောင်းများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ကြောင့် ဖြစ်သည်။
ဗိုလ်မှူးကြီး နော်ဘူက “အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်တွေက ကျနော်တို့ရဲ့Hpalap Bum တပ်စခန်းတွေကို မတ် ၂၂ ရက်က တညလုံး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ၂၃ရက်မှာ တပ်ရင်း ၃၊ ဆဒုံးဘက်မှာ ပစ်တယ်။၂ ရက်၊ ၃ရက် ရှိပြီ သူတို့ ထိုးစစ်ဆင်နေတာ၊ ကျနော်တို့ တပ်ခြံထဲမှာလည်း သူတို့လက်နက်ကြီးတွေ ကျတယ်။ ပိုဆိုးတာ ကျနော် တို့ ပြည်သူလူထုရဲ့ ခေါင်ရှောင်စခန်းဘက်ကို လည်း သူတို့ လက်နက်ကြီးနဲ့ ပစ်တယ်။ တရုတ်ပြည်ဘက်ကမ်းကိုလည်း သူတို့ လက်နက်ကြီးတွေ ကျတာရှိတယ်” ဟု ပြောသည်။
မတ် ၂၃ ရက်တွင် တရုတ်နိုင်ငံ နယ်နိမိတ်အတွင်းသို့ စစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့သည် ဟုလည်း KIA က ပြောဆိုသော်လည်း စစ်တပ်က ကချင်ပြည်နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပါ။
လိုင်ဇာမြို့ ဒေသခံ တဦးကို မေးမြန်းရာ ၎င်းက “ပစ်ခတ်သံတွေတော့ မနေ့က ညအထိ ကြားရတယ်။ ဒါပေမယ့် မြို့ထဲမှာ ဒီဘက်မှာ အကုန်အေးဆေးပဲ။ လုံလုံခြုံခြုံပဲ ရှိကြပါတယ်” ဟု ပြောသည်။
KIA နှင့် စစ်တပ်ကြား စစ်ရေး တင်းမာနေမှုများကြောင့် မတ် ဒုတိယပတ်အတွင်း KIA စစ်ဌာနချုပ်နယ်မြေအတွင်းရှိ ဝေ ကျိုင် စစ်ဘေးရှောင် စခန်းများတွင် ဗုံးခိုကျင်းများ တူးကာ အရေးကြုံလာပါက ရှောင်ရှားနိုင်ရန် စစ်ဘေးရှောင်များ က လည်း ပြင်ဆင်မှုများ ပြုလုပ်ထားသည်။
KIA ထိန်းချုပ် နယ်မြေအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ၏ လုံခြုံရေးအခြေအနေကို မေးမြန်းရာ ကချင်စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးနေသည့် အရပ်ဘက်အဖွဲ့အစည်း ၉ ဖွဲ့စုပေါင်းထားသည့် Joint StrategyTeam မှ ဦးဂွမ် ရှာအောင်က လက်ရှိအခြေအနေထိ ဒုက္ခသည်စခန်းများမှာ လုံခြုံသည့် အခြေအနေတွင် ရှိပါသည်ဟု ပြောသည်။
KIA နှင့် စစ်တပ်သည် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန်အတွက် ရည်ရွယ်ကာ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီထိ တိုက်ခိုက်မှုများ မဖြစ်စေရန် ကချင်ပြည်နယ်တွင်း နှစ်ဖက်ညှိနှိုင်းကာ ထိန်းထား နိုင်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် KIA က လူထုကို သွေးထွက်သံယိုဖြစ်အောင် မလုပ်ရန်၊ အာ ဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို မပစ်ခတ်ရန် ပြောဆိုခဲ့သော်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လူထု ကိစ္စတွင် KIA ဝင်မပါရန် ပြောဆိုကာ လူထုက ဆန္ဒပြရင်းဆူပူလာပါက ကျည်အစစ်ဖြင့် ပစ်ခတ်မည်ဟု တုံ့ပြန်ခဲ့ သည်။
မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့၌ ဆန္ဒပြသည့် လူထုကို ပစ်ခတ်ဖြိုခွင်းရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီးနောက် မတ် ၁၁ ရက်တွင် KIA က ဖားကန့်မြို့နယ်တွင်းရှိ စစ်တပ်၏ တပ်စခန်းတခုကို စတင်ထိုးစစ်ဆင် ခြင်း ဖြစ်သည်။
ထို့နောက် မတ် ၁၅ ရက်တွင် မြစ်ဆုံစီမံကိန်း အနီး၊ စစ်တပ်၏ ဂွေထောင်စခန်း ၊ မတ် ၁၈ ရက်တွင် ဖားကန့်မြို့နယ်ရှိ ရဲတပ်ရင်းနှင့် ပြည်သူ့စစ် တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ထားသည်။
စစ်တပ်နှင့် KIA သည် ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း စစ်ရေးတင်းမာမှုများ ရှိနေသည်။
You may also like these stories:
တိုင်းရင်းသားတပ်များက မြန်မာ့ဒီမိုကရေစီအင်အားစုများကို ကယ်ဆယ်နေ
ဖားကန့် နမ့်မှော်ရဲစခန်းကို KIA ပစ်ခတ်
ဆန္ဒပြလူထုကြား KIA ဗုံးခွဲမည် ဟူသည့် စာများ စစ်တပ်က လိုက်ဖြန့်နေ
တပ်မတော်နေ့ အခမ်းအနား အပစ်ရပ်အဖွဲ့အများစု တက်မည်မဟုတ်