အာဏာသိမ်း စစ်ကောင်စီ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU)အား တွေဆုံရန် စာပို့ထားသော်လည်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက လူထုအား နှိပ်စက်သတ်ဖြတ်မှုများ ရပ်တန့် ကာ အာဏာသိမ်းခြင်းကို စွန့်လွှတ်မှသာ တွေ့မည်ဟု အကြောင်းပြန်လိုက်ကြောင်း သိရသည်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သို့ ပို့သည့် အိတ်ဖွင့်ပေးစာတွင် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ အချက် ၈ ချက်တင်ပြခဲ့ပြီး
၁။ ဆန္ဒပြ ပြည်သူများကို နှိမ်နင်းရန် ဖြန့်ကျက်ထားသည့် လက်နက်ကိုင်များ(စစ်တပ်၊ ရဲ)ကို ပြန်လည် ရုတ်သိမ်းပြီး အပစ်အခတ်ရပ်စဲကြောင်း ကြေညာရန်
၂။ ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးရန်၊ စွဲချက်တင်ထားခြင်းကို ပယ်ဖျက်ရန်
၃။ဆန္ဒဖော်ထုတ်နေသည့်သူများကို ဆေးဝါးကုသမှု အပြည့်အ၀ လုပ်ဆောင်ခွင့်ပေးရန်
၄။NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်၊ အရပ်သားများနှင့် ပတ်သက်၍ (ပြန်ပေးဆွဲ အကြမ်းဖက်ရိုက်နှက် သတ်ဖြတ်ခြင်း၊ ပြည်သူများ၏ ပစ္စည်းဥစ္စာများ လုယူခြင်း၊ ဖမ်းထားသူများကို အတင်းအကြပ်ဝန်ခံစေခြင်းမပြုရန် ကျန်းမာရေးကုသမှုများ ပေးရန်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် ဆေးရုံများကို မဖျက်ဆီးရန်၊ တပ်ချမှု မလုပ်ရန်၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု မလုပ်ရန်)
၅။ ဖေဖေါ်ဝါရီ ၁ ရက်က စတင်ထုတ်ပြန်သည့် ပြည်သူ့အခွင့်အရေး ပိတ်ပင်မှု ဥပဒေများ ရုပ်သိမ်းရန်
၆။ နှစ် ၇၀ ကျော်ပြီဖြစ်သည့် နိုင်ငံရေး ပဋိပက္ခများ ကို ညှိနှိုင်းဆွေးနွေးရန်
၇။ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုကို လက်ခံကာ အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့ရန်
၈။ ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောင်မည်ဟု ကတိပြုကာ နိုင်ငံရေးမှ ပါဝင်နေမှုမှ နှုတ်ထွက်ကြောင်း တပ်မတော်က တရားဝင်ကြေညာရန် တို့ဖြစ်သည်။
ယင်းစာကို ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တပ်မတော်နေ့ ဖိတ်ကြားမှုနှင့် ပတ်သက်ပြီး မတ်လ ၂၂ ရက်က ထိုသို့ ပေးပို့လိုက်ခြင်းဖြစ်သည်။
KNU အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရန် ဆန္ဒရှိသော်လည်း ပြည်သူလူထုက မဖြစ် မနေ တောင်းဆိုနေသည့် အချက်များကို အကောင်အထည်ဖော်ပေးမှသာ တွေ့ဆုံမည်ဟုလည်း ရေးသားထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်ဆံရေး မပျက်စေရန် စာပို့ခြင်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်မည်ဟု ပြောဆိုခြင်း၊ အမြဲတမ်း ငြိမ်းချမ်းရေး မဟုတ်သည့် ယာယီအပစ်အခတ်ရပ်စဲရေးများကို ကာလအကန့်အသတ်ဖြင့် သက်တမ်းတိုးခြင်းများ ပြုလုပ် လျက် ရှိသည်။
သို့သော် KNU အပါအဝင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်း စစ်ကောင်စီကို အစိုးရတရပ်အနေဖြင့် အသိအမှတ်မပြုဘဲ ၎င်းကို ဆက်ဆံရေးမလုပ် ဖယ် ကြဉ်ထားရန် ပြုလုပ်လျက် ရှိသည်။
KNU သည် NCA လက်မှတ်ရေးထိုးထားပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့နှင့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်နေ သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သော်လည်း စစ်တပ်က အာဏာသိမ်းပြီး နောက်တွင် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ကို ဆက်မလုပ်ဘဲ ရပ်ဆိုင်းထားမည်ဟု ကြေညာကာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ပြုလုပ်နေသည့် လူထုကို အကူအညီပေးခြင်းများ ပြုလုပ်လျက် ရှိသည်။
You may also like these stories:
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မြန်မာ့အရေး ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု
တိုင်းရင်းသားတပ်များက မြန်မာ့ဒီမိုကရေစီအင်အားစုများကို ကယ်ဆယ်နေ
CRPH ဦးဆောင်သူများကို ဖမ်းဆီးရမိရေး Interpol ထံအကြောင်းကြားထားဟု စစ်ကောင်စီထုတ်ပြန်