စစ်တပ်က အာဏာသိမ်းပြီး လူထုကို အကြမ်းဖက်နေသည့်အပေါ်တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်များအနေဖြင့် နှုတ်ဆိတ်မနေဘဲ လူထုဘက်မှ ရပ်တည်ပေးပါ ဟု “ဝ” လူမှုအသိုင်းအဝိုင်းမှ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
“ဝ” လူမျိုးများ နှင့် “ဝ” လူမှုအရပ်ဘက်အဖွဲ့အစည်းများသည် UWSA ခေါင်းဆောင်များကို အချက် ၄ ချက်ပါသည့် တောင်း ဆိုစာတစောင်ကို မတ်၂၅ ရက်က UWSA ၏ စစ်ဦးစီးချုပ် ဦးပေါက်ယူချန်းထံ လိပ်မူပြီး ပေးပို့သည့်အပြင် အများပြည်သူ သိနိုင်ရန်လည်း လူမှုကွန်ရက်ပေါ်တွင် တောင်းဆိုစာကို ဖြန့်ဝေထားသည်။
UWSA ထံ တောင်းဆိုစာ ပို့သည့်ထဲတွင် ပါဝင်သည့် Lashio Wa Youth Network မှ ပြောရေးဆိုခွင့်ရှိသူတဦးက “တနိုင်ငံလုံး က ဆန့်ကျင် ကန့်ကွက်နေချိန်မှာ ကျမတို့ကို ကိုယ်စားပြုထားတဲ့ အဖွဲ့အစည်းအနေနဲ့ ဆန့်ကျင်ကြောင်း၊ သဘောမတူ ကြောင်း ထုတ်ပြန်စေချင်တာပါ။ အဲဒီအချက်က အဓိကပါ။ ဖက်ဒရယ် တပ်မတော်နဲ့ ပတ်သက်လို့တော့ တောင်းဆိုတာမရှိ ပါဘူး။ ဒါပေမယ့် ဖက်ဒရယ်ဒီမိုကရေစီအရေးမှာ သူတို့ ဘယ်လို ရပ်တည်မှု ရှိတယ်ဆိုတာ ကျမတို့ လူမှုအဖွဲ့အစည်း က သိချင်ပါတယ်” ဟု ပြောသည်။
ဝ လူမှု အသိုင်းအဝိုင်းမှ တောင်းဆိုသည့် အချက် ၄ ချက်မှာ စစ်ကောင်စီ အကြမ်းဖက်အဖွဲ့၏ အာဏာသိမ်းမှုအပေါ် နှုတ် ဆိတ် မနေရန်၊ မတရား ဖမ်းဆီးခံထားရသည့် ဝ လူမျိုးများနှင့် အခြား တိုင်းရင်းသားများ လွတ်မြောက်ရေးကို ကူညီပေး ရန်၊ စစ်ကောင်စီအား တော်လှန်နေသည့် ပြည်သူများဘက်မှ ရပ်တည်ပေးရန်၊ ဖက်ဒရယ် ဒီမိုကရေစီ အရေးတွင် UWSA ၏ ရပ်တည်ချက်နှင့် ပါဝင်မှုကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးရန် ဟူ၍ ဖြစ်သည်။
“ကျမတို့က UWSA အနေနဲ့ စစ်အာဏာသိမ်းမှုကို လုံးဝ ဆန့်ကျင်ကြောင်း ဆိုတာကိုတော့ တကယ်ကို မျှော်လင့်တယ်။ အဲဒီလို သဘောထား ထုတ်ပြန်ချက်ကို တကယ်ကို မျှော်လင့်ပါတယ်။ အဲဒါကိုပဲ ကျမတို့ တောင်းဆိုချင်ပါတယ်” ဟု Lashio Wa Youth Network မှ ပြောရေးဆိုခွင့်ရှိသူက ထပ်မံ ပြောဆိုသည်။
ဝ လူမှုအသိုင်းအဝိုင်းက တောင်းဆိုသည့် စာထဲတွင်လည်း စစ်တပ်က လက်နက်မဲ့ ပြည်သူကို မတရားဖမ်းဆီးခြင်း၊ ဖြိုခွင်း သတ်ဖြတ်နေခြင်း စသည့် အနိဌာရုံ မြင်ကွင်းများက ကျနော်၊ ကျမတို့ကို ရင်နင့်စွာ ခံစားရစေသဖြင့် ဝ တမျိုးသားလုံး အား ကိုးရသည့် UWSA ၏ သဘောထား ရပ်တည်ချက်ကို ဖော်ပြပေးရန် တိုက်တွန်းပါသည် ဟုလည်း ရေးသားထားသည်။
UWSA ထံသို့ စာပို့ တောင်းဆိုထားသည့် လူမှုအရပ်ဘက် အဖွ့ဲအစည်းများနှင့် ဝ လူမျိုးများသည် Lashio Wa Youth Network၊ Tangyan Wa Youth Network၊ Wa Women Network ၊ Wa Students Association ၊ Wa Youth Development ၊ University Students of Wa Christian Fellowship ၊ လားရှိုး ဝ လူငယ်များ ကွန်ရက်အသင်း၊ ဝ အဝေး သင်ကျောင်းသား/သူများ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ ပန်လုံမြို့တွင် နေထိုင်ကြသော ဝတိုင်းရင်းသားများ၊ ကျိုင်းတုံ ဝ စာပေနှင့် ယဉ်ကျေးမှုတို့ ဖြစ်သည်။
ဝ လူမျိုးများသည် ၎င်းတို့ အခြေစိုက်နေထိုင်ရာ ရှမ်းပြည်နယ်အတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုများ တွင် ပါဝင်လျက်ရှိသည်။
ဖေဖော်ဝါရီအတွင်းက ရန်ကုန်မြို့တွင်း လူဦးရေ သိန်းနှင့်ချီ လမ်းပေါ်ထွက် ဆန္ဒပြရာတွင်လည်း ဝ လူမျိုးများ၏ ၎င်းတို့ကို ကိုယ်စားပြုသည့် အမျိုးသားအလံများ ကိုင်ဆောင်ပြီး ပါဝင်ဆန္ဒပြခဲ့ကြသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခြင်းကြောင့် ဝ အမျိုးသား ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၃ ဦးမှာ ပြန်လွတ်မြောက်လာသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တဦးနှင့် အရပ်သား တဦးတို့မှာ လွတ်မြောက်ခြင်း မရှိသေးပါ။
ဝ လူမှုအသိုင်းအဝိုင်းမှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာ၌ ပါဝင်နေသော်လည်း UWSA သည် ယနေ့ထိ စစ်တပ်၏ အာ ဏာသိမ်းမှုကို တစုံတရာ ပြောဆိုရပ်တည်မှု ပြသခြင်း မရှိပါ။
ဝ လူမှုအသိုင်းအဝိုင်းမှ စာပေးပို့ တောင်းဆိုခြင်းနှင့် ပတ်သက်၍ UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက စာကို လက်ခံ ရရှိပြီး ဌာနချုပ်ကို ပေးပို့ထားပါသည်ဟု ပြောသည်။
ဦးညီရန်းက “အခုအချိန်ထိ ဗဟိုဌာနချုပ်က ဘာမှတ်ချက်မှ ပေးမလာသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ လည်း မှတ်ချက်မပေးလိုပါဘူး။ အခုအချိန်မှာက ထိလွယ်ရှလွယ်တဲ့ အချိန်အခါမျိုးမှာ မှားယွင်းစေနိုင်တဲ့ သတင်းစကား မျိုးကို ကျနော့်အနေနဲ့ မပေးလိုသေးလို့ပါ” ဟု ဆိုသည်။
UWSA သည် နိုင်ငံတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် အင်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်ပြီး တရုတ်- မြန်မာနယ်စပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှ မြို့နယ်များကို အစိုးရ၏ စွက် ဖက်မှု မရှိဘဲ အပြည့်အဝ အုပ်ချုပ်ခွင့် ရထားသည်။
UWSA သည် ၁၉၈၉ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးနောက် စစ်တပ်နှင့် တိုက်ခိုက်မှု မရှိ တော့ဘဲ ၎င်းတို့၏ ဒေသတွင်း ဒေသဖွံ့ဖြိုးရေးကိုသာ ဦးတည် လုပ်ဆောင်နေသည့် တပ်ဖွဲ့ ဖြစ်ပြီး ပြည်မနိုင်ငံရေးတွင် လည်း ပါဝင်ခြင်း မရှိဘဲ သီးခြား ရပ်တည်နေသကဲ့သို့ တည်ရှိနေသည့် အဖွဲ့အစည်းဖြစ်သည်။
သို့သော် ၂၀၁၅ ခုနှစ်တွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များကို UWSA ၏ ပန်ဆန်းမြို့သို့ ဖိတ်ခေါ်ကာ အစည်းအဝေး ကျင်းပပြီး အစိုးရလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် ဆောင်ရွက်လာခဲ့သည်။
၎င်းကိုလည်း နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပြည်နယ်အဆင့် တရားဝင် တိုးမြှင့် သတ်မှတ်ပေးပြီး ပြည်ထောင်စု အစိုးရမှ ဝ ဒေသတွင်း အုပ်ချုပ်ရေးအာဏာပိုင်များကို နိုင်ငံတကာနှင့် တိုက်ရိုက်ဆက်ဆံခွင့်၊ တရားဝင် ရပ်တည်ခွင့် အခွင့် အာဏာများ ပေးရန် တောင်းဆိုထားသည်။
UWSA အနေဖြင့် ၂၀၁၅ ခုနှစ်မှစ၍ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲသို့ ပါဝင်ရန် ချဉ်းကပ်လာပြီး အနာဂတ်တွင် တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရေး ပြုလုပ်ရန်အတွက်လည်း နိုင်ငံရေး ဆွေးနွေးမှုများထဲတွင် ပါဝင်ရန် စာတမ်းများ တင်ပြထားခြင်း ပြုလုပ်ထားသည်။
အနာဂတ်တွင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန် UWSA နှင့် မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၆ ဖွဲ့က ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ကို ဖွဲ့စည်းထားပြီး ထိုကော်မတီတွင် UWSA က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည်။
You may also like these stories:
အာဏာသိမ်းမှု စွန့်မှသာ စစ်ကောင်စီ ခေါင်းဆောင်နှင့် တွေ့မည်ဟု KNU အကြောင်းပြန်
စစ်တပ် ဗျူဟာကုန်းကို KIA သိမ်း
တိုင်းရင်းသားတပ်များက မြန်မာ့ဒီမိုကရေစီအင်အားစုများကို ကယ်ဆယ်နေ