အာဏာသိမ်း စစ်ကောင်စီက ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်(MEHL)နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ပစ်မှတ်ထား ဒဏ်ခတ် အရေးယူလိုက်ကြောင်း ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့ က မတ်လ ၂၅ ရက်တွင် ကြေညာလိုက်သည်။
မြန်မာစစ်တပ်သည် ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရကို ဖယ်ရှားကာ အာဏာသိမ်းယူပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြ နေသည့် လူထုကို ဖိနှိပ်မှုများ လုပ်ဆောင်နေသဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား အရေးယူရခြင်း ဖြစ် ကြောင်း၊ ပိတ်ဆို့အရေးယူမှုများသည် မြန်မာပြည်သူများကို မရည်ရွယ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။
အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုနှင့် ဆက်စပ်နေသော အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်ကန့်သတ်ကြောင်းနှင့် အမေရိကန် နိုင်ငံသားများအနေဖြင့်လည်း အဆိုပါ စီး ပွားရေးလုပ်ငန်းများနှင့် ပတ်သက်ခြင်း မရှိစေရဟု တားမြစ်လိုက်ခြင်း ဖြစ်သည်။
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုသည် အရက်၊ စီးကရက်၊ ကျောက်မျက်၊ သဘာဝတွင်းထွက်ပစ္စည်းများ တူး ဖော်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် လူသုံးကုန်ပစ္စည်း လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံထားသော စီးပွားရေး လုပ်ငန်းများ ဖြစ် ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံကလည်း ၎င်းတို့သည် အမေရိကန်နိုင်ငံနှင့်အတူ ရပ်တည်ကာ မြန်မာစစ်တပ်ပိုင် စီးပွားရေး လုပ်ငန်း ၂ ခုကို ပစ်မှတ်ထား အရေးယူလိုက်ကြောင်း ကြေညာခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က “ဒီနေ့မှာ အရပ်သားတွေအပေါ် ဖိနှိပ်မှုလုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို အထောက်အပံ့ ဖြစ်စေတဲ့ ဘဏ္ဍာရေး စီးဆင်းမှုတွေအတွက် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို အရေး ယူပိတ်ဆို့လိုက်ပြီ ဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသော အရပ်သားများအပေါ် ပစ်ခတ် သတ် ဖြတ်မှုများအတွက် တာဝန်ရှိသည့် စစ်ခေါင်းဆောင်တချို့ကို ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံနှင့် ဥရောပ သမဂ္ဂ (EU) တို့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် တာဝန်ယူထားသော ဒုတိယ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် အပါအဝင် စစ် ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ တပ်မ ၃၃ နှင့် တပ်မ ၇၇ တို့၏ ပိုင်ဆိုင်မှု အကျိုးစီးပွားများကို ကန့် သတ် ပိတ်ပင်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်၏ ကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်း စွာ ဆန္ဒပြနေသော အရပ်သားများကို ကျည်အစစ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် နိုင်ငံတဝန်း ဆန္ဒပြသူ ဒါဇင်နှင့်ချီ သေဆုံးခဲ့ရကြောင်း၊ ထို့အတွက် ဒဏ်ခတ်အရေးယူရခြင်း ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆိုသည်။
စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်စိုးသည်လည်း ၎င်းထိန်းချုပ်ရာ ဒေသများ၌ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းရာတွင် တာဝန်ရှိသူ တဦးဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံ တိုက်ရိုက် အစီရင်ခံတင်ပြရသူလည်း ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
မန္တလေးတွင် တပ်စွဲထားသည့် တပ်မ ၃၃ နှင့် ရန်ကုန်တွင် တပ်စွဲထားသည့် တပ်မ ၇၇ တို့ကို အရေးယူရခြင်းနှင့် ပတ် သက်၍လည်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက အဆိုပါ တပ်မများသည် ၎င်းတို့ တပ်စွဲရာ ဒေသများတွင် အင်အား အလွန်အကျွံသုံးကာ သတ်ဖြတ်မှုများကို ဆောင်ရွက်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
အလားတူပင် ဥရောပသမဂ္ဂ (EU) ကလည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါ အဝင် လူပုဂ္ဂိုလ် ၁၁ ဦးကို အရေးယူ ဒဏ်ခတ်လိုက်ကြောင်း မတ် ၂၂ ရက်တွင် ကြေညာခဲ့သည်။
EU က အရေးယူ ဒဏ်ခတ်လိုက်သည့် လူစာရင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးမြင့်ဆွေ၊ ဒုဗိုလ် ချုပ်မှူးကြီးစိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း၊ စစ်ကောင်စီက ခန့်အပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့၏ အမည်များ ပါဝင်သည်။
၎င်းတို့သည် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အပေါ် အကြမ်းဖက် နှိမ်နင်းရာတွင် အဓိက တာဝန်ရှိသူများ ဖြစ်နေသဖြင့် အရေးယူရခြင်းဖြစ်ကြောင်း EU ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
အရေးယူခံရသည့် လူပုဂ္ဂိုလ် ၁၁ ဦးတို့သည် ဥရောပသမဂ္ဂ နယ်နိမိတ်အတွင်း ခရီးသွားလာခွင့်၊ ဖြတ်သန်းခွင့် ပိတ်ပင်ခံရ မည်ဖြစ်ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများရှိ ၎င်းတို့၏ ပိုင်ဆိုင်မှု ငွေကြေးနှင့် စီးပွားရေးများကိုလည်း ထိန်းချုပ်ထားမည် ဖြစ်ကြောင်း EU က ဆိုသည်။
ထို့ပြင် အရေးယူခံရသူ ၁၁ ဦးနှင့် ပတ်သက် ဆက်နွယ်နေသည့် စီးပွားရေး လုပ်ငန်းများအား EU အဖွဲ့ဝင် နိုင်ငံသားပိုင် ကုမ္ပဏီများမှ ငွေကြေးလွှဲပြောင်းပေးမှု အားလုံးကိုပါ တားမြစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးချိန်မှ မတ်လ ၂၅ ရက်နေ့အထိ စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ၃၂၀ ဦး သေဆုံးသွားခဲ့ရပြီဖြစ်ပြီး လူပေါင်း ၂၉၈၁ ဦးမှာလည်း ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များက ဖော်ပြထားသည်။
You may also like these stories:
သယံဇာတမှ ရငွေများ စစ်ကောင်စီထံ မရောက်ရေး CRPH ကြိုးပမ်း
အာဏာသိမ်းပြီး ၁ လကျော်အတွင်း စက်သုံးဆီဈေးနှုန်းများ ပိုမိုမြင့်တက်လာ
ထိုးသူမရှိ၍ ထီဖွင့်ရက်ကို ရွှေ့ဆိုင်းသော်လည်း ဝယ်သူ မရှိဖြစ်နေ