သတင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဆက်တိုက် အဖမ်းခံနေရ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဆက်တိုက် အဖမ်းခံရနေရပြီး အကြောင်း အမျိုးမျိုးဖြင့် အဖမ်းခံခဲ့ရသည့် သတင်းထောက်၊ အယ်ဒီတာ၊ ဓာတ်ပုံဆရာ ၅၀ ဝန်းကျင် ရှိလာပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၆ ရက်နေ့ ယနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံရသည့် မီဒီယာသမား ပေါင်း ၅၀ တွင် အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၈ ဦး ပါဝင်ပြီး ၎င်းတို့ထဲမှာ အနည်းဆုံး ၁၃ ဦးမှာ ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံထားရသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့တွင်လည်း မင်းဘူး အခြေစိုက် သတင်းသမားတဦးဖြစ်သူ ဦးတင်ရွှေကို ပုဒ်မ ၅၀၅(က) ဖြင့် မင်းဘူးရဲစခန်းက အမှုဖွင့်လိုက်ပြီး မကွေးထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မင်းဘူး အခြေစိုက် အလွတ်တန်းသတင်းထောက် ဦးတင်ရွှေ (တင်ရွှေ-မင်းဘူး)သည် ယနေ့ နံနက်ပိုင်းတွင် ရဲစခန်းသို့ လာခဲ့ရန် လှမ်းခေါ်သဖြင့် သွားရောက်ရာ ပြန်မလွှတ်တော့ဘဲ တခါတည်း တရားရုံးတင်ပြီးနောက် ထောင်သို့ အပို့ခံ လိုက်ရခြင်း ဖြစ်သည်။

“ဒီပုဒ်မဘာကြောင့် တပ်သလဲ။ ဘာကြောင့်အရေးယူတာလဲဆိုတာတောင် မသိရဘူး။ ချက်ချင်းဘဲ မကွေးထောင်ကို တန်း ပို့ပစ်လိုက်တာ”ဟု မကွေးအခြေစိုက် သတင်းထောက်တဦးက ဧရာဝတီသို့ ပြောသည်။

အဖမ်းခံရသည့် သတင်းသမား ၅၀ ခန့်တွင် ပြန်လွတ်လာသူတချို့ ရှိသော်လည်း အနည်းဆုံး သတင်းသမား ၂ ဒါဇင်ခန့် တရားစွဲခံရပြီး အချုပ်နှင့် တရားရင်ဆိုင်နေရသည့် အခြေအနေဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် Myanmar Now၊ 7 Days , Mizzima , DVB နှင့် ရန် ကုန်ခေတ်သစ် သတင်းဌာနတို့ အာဏာသိမ်း စစ်ကောင်စီက လိုင်စင်ရုတ်သိမ်းခဲ့ပြီး ဧရာဝတီသတင်းဌာနကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲထားသည်။

“မီဒီယာသမားတွေ အဓိကအရေးယူခံရတာကတော့ ပုဒ်မ ၅၀၅ (က) ပါ။ အားလုံး နီးပါး ဒီပုဒ်မနဲ့ပဲ အစွဲခံနေရတာပါ။ မီဒီ ယာတွေအတွက် စစ်အစိုးရခေတ်၊ လုံးဝ အမှောင်ခတ်ပေါ့။ သတင်းလုံးဝရေးလို့ မရတော့တဲ့ ခေတ်ကို ဦးတည်နေတဲ့ သဘော ရှိတယ်”ဟု ရန်ကုန်မြို့ မှ သတင်းစာဆရာ ဦးမြင့်ကျော်က ပြောသည်။

ရန်ကုန်မြို့ တွင် အဖမ်းခံရသည့် သတင်းသမား အနည်းဆုံး ၁၉ ဦးအထိ ရှိခဲ့သည်။

ရန်ကုန်တွင် အဖမ်းခံခဲ့ရသည့် သတင်းထောက်များမှာ Myanmar Now မှ မကေဇွန်နွေး၊ 7 Days ဂျာနယ်မှ ကိုအောင်ရဲ ကို၊ ဇီးကွက်မီဒီယာမှ ကိုပြည့်ဖြိုးဇော်၊ MPA ဓာတ်ပုံ သတင်းဌာနမှ ကိုရဲ မျိုးခန့်၊ ကမာရွက်မီဒီယာမှ ကိုနေသန်မောင်၊ ကိုဟန်သာငြိမ်း၊ သတင်းဓာတ်ပုံဆရာ ကိုပြည့်ဖြိုး၊ အလွတ်တန်း သတင်းထောက်များ ဖြစ်ကြသည့် ကိုစိုးရာဇာထွန်း၊ ကိုဝိုင်းမော်၊ ကိုဗညားဦး၊ AP သတင်းဌာနမှ ကိုသိန်းဇော်တို့ ဖြစ်သည်။

AP သတင်းဌာနမှ ကိုသိန်းဇော်မှာ ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့သည်။
သတင်းထောက်များသည် ဆန္ဒပြပွဲ သတင်းများ ရယူသည့် အခါတွင်လည်း လုံခြုံရေး တပ်ဖွ့ဲများ၏ ဖမ်းဆီးမှုကို ခံရပါက အများစုမှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိတော့ပေ။

တချို့ သတင်းထောက်များမှာ အိမ်အထိ လာရောက် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး မြိတ်မြို့နယ်မှ DVB သတင်းထောက် ကိုအောင် ကျော်ဆိုသူမှာ ည ၁၀ နာရီခွဲခန့်တွင် နေအိမ်၌ ရှိနေစဉ် စစ်ကောင်စီ၏ လုံခြုံရေး တပ်သားများ၏ အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးရာတွင် နေအိမ်ကို ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း၊ သေနတ်များ ပစ်ဖောက်၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့ အထိ မိသားစုနှင့်လည်း တွေ့ ဆုံခွင့် မရရှိသေးပေ။

ကိုအောင်ကျော်ကို မတ်လ ၁၆ ရက်နေ့ ရုံးထုတ်ခဲ့သော်လည်း ရုံးထုတ်ချိန်တွင် အင်တာနက်လိုင်းမရသဖြင့် မစစ်ဆေးနိုင်ခဲ့ ဘဲ လာမည့် မတ်လ ၃၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်ကြောင်း ကိုအောင်ကျော်၏ ဇနီးဖြစ်သူ မနေခြည်က ပြောပြ သည်။

“ထောင်ထဲမှာ သူ့ရဲ့ အခြေအနေကိုလည်း ဘာမှ သိခွင့်မပေးဘူ။ တိတိကျကျ သိခွင့်အခြေအနေဘာမှ မရှိဘူး။ ပြီးတော့ အခုလိုမျိုး သတင်းထောက်တွေကို မတရား ဖမ်းဆီးပြီးတော့ ထောင်ကျနေတဲ့ကိစ္စတွေကလည်း မိသားစုတွေနဲ့ တွေ့ ခွင့် မပေး၊ ဒဏ်ရာရနေတဲ့ အခြေအနေကိုလည်း ကိုယ်ကသိခွင့်မရတော့ တော်တော်လေး စိုးရိမ်မိတယ်”ဟု မနေခြည်က ပြော သည်။

အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင်လည်း သတင်းသမား ၃ ဦး အဖမ်းခံခဲ့ရသည်။

ဘီဘီစီ သတင်းဌာန၏ နေပြည်တော် အခြေစိုက် သတင်းထောက် ကိုအောင်သူရ၊ Mizzima သတင်းဌာန အယ်ဒီတာ ဟောင်း ကိုသန်းထိုက်ဟောင်း၊ နေပြည်တော် အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်တို့ ဖြစ်သည်။

နေပြည်တော်အခြေစိုက် သတင်းထောက်များ ဖြစ်သည့် ကိုအောင်သူရနှင့် ကိုသန်းထိုက်အောင်တို့ ၂ ဦးမှ ပြီးခဲ့သည့် မတ်လ မတ်လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးရှေ့တွင် သတင်းရယူနေစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်ပြီး ၃ ရက်အကြာတွင် ကိုအောင်သူရမှာ ပြန်လည် လွတ်မြောက်လာခဲ့သည်။

အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်မှာ မတ်လ ၂၀ ရက်နေ့က ပျဉ်းမနားမြို့နယ်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲ တခုသို့ သတင်းသွားယူရင်း အကြမ်းဖက် ဖြိုးခွင်းခံရသဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နောက်တရက်တွင် အသိမ်းခံရသည့် ကားကို ရဲစခန်းသို့ သွားရောက်ထုတ်ယူစဉ် အဖမ်းခံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ပြည်မြို့တွင် DVB သတင်းထောက် ကိုမင်းညို ဆိုသူသည် ဆန္ဒပြပွဲ သတင်းရယူစဉ် အခြား အရပ်သားများနှင့်အတူ အဖမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံခဲ့ရသည်။

ကိုမင်းညို၏ဇနီး ဖြစ်သူ ဒေါ်မိုးမိုးက ၎င်းအနေဖြင့် အမျိုးသားနှင့် တွေ့ ဆုံခွင့် မရသေးကြောင်း၊ ပြည်ထောင်ထဲသို့ အစားအ သောက်၊ ဆေးဝါးများ ပို့ခွင့်ရကြောင်း၊ ကျန်းမာသည်ဟု ကြားသိရကြောင်း၊ လာမည့် ရုံးချိန်းမှာ မတ်လ ၃၀ ရက်နေ့သို့ ချိန်းဆိုထားကြောင်း ဧရာဝတီသို့ ပြောသည်။

“အထဲက အခြေအနေကို အပြင်က ကျမတို့တွေက ဘာမှမသိဘူး။ စုံစမ်းလို့လည်း မရဘူး။ မေးလို့လည်း မရဘူး။ မိသားစု ကတော့ စိုးရိမ်တယ်။ သူ့ဒဏ်ရာတွေကို အပြင်မှာခေါ်ပြီး ဆေးစစ်ကြည့်တာတွေ လုပ်ကြည့်ချင်တယ်”ဟု ဒေါ်မိုးမိုးက ပြော သည်။

ကိုမင်းညိုသည် အဖမ်းခံရစဉ်က ဦးခေါင်းကို အရိုက်ခံခဲ့ရပြီး သွေးများ ထွက်၍ အချုပ်ကားပေါ်သို့ ပါသွားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြီးခဲ့တဲ့ မတ်လ ၁၆ရက်နေ့ညက နေအိမ်မီးကွင်းပစ်ခံရတဲ့ သတင်း သွားရောက် ရယူစဉ် ဥက္ကံမြို့နယ်မှ သတင်း ထောက် ဇနီးမောင်နှံ ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး DVB အလွတ်တန်း သတင်းထောက် ဖြစ်သူ ဒေါ်မေသွယ်အောင်မှာ ည မထွက်ရ အမိန့် ဖောက်ဖျက်မှုဖြင့် မတ်လ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၁ လ အပြစ်ပေးခံထားရသည်။

“မေမေကတော့ ၁၆ ရက်နေ့ည အဖမ်းခံရပြီးတော့ ၁၇ ရက်နေ့ မနက်မှာတင် ရုံးထုတ်ပြီးတော့ ထောင် ၁ လ တန်းကျသွား တယ်။ အဖေက ရမန်က ၃၁ ရက်နေ့ ရက်ချိန်းတွေ ဘာတွေ ယူထားတုန်းပဲ ရှိသေးတယ်။ မေမေကျတော့ ပုဒ်မ ၁၈၈ နဲ့ပဲ ညမထွက်ရနဲ့ပဲ စွဲထားတယ်။ ဖေဖေကျတော့ ပုဒ်မ ၃ ခုနဲ့စွဲထားတယ်”ဟု သမီးဖြစ်သူက ဧရာဝတီသို့ ပြောသည်။

ဒေါ်မေသွယ်အောင်၏ အမျိုးသားဖြစ်သူ The Voice Daily သတင်းစာ၏ အလွတ်တန်း သတင်းထောက် ဦးမင်းမင်းအောင် ကို ဥက္ကံမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၁၁၄/၄၃၆/၃၃၂ နှင့် အမှုဖွင့်လှစ်ထားသည်။

ထို့ပြင် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကလည်း ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် အခြေစိုက်သည့် ကမ္ဘောဇ တိုင်းသတင်းဌာန၏ တာဝန်ခံ အယ်ဒီတာနှင့် သတင်းထောက် အပါအဝင် (၄)ဦးကို အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ် နှင့်ရဲတို့က ဖမ်းဆီးသွားခဲ့သေးသည်။

ကမ္ဘောဇတိုင်းသတင်းဌာန၏ ဟိုပုံးမြို့ရှိ ရုံးခွဲတွင် သတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နှင့် နေအိမ်အစောင့်ဖြစ်သူ စိုင်းစည်သူတို့ကို ဖမ်းဆီးခေါ်သွားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ သတင်းထောက် အလုပ်ကို သီးသန့် လုပ်သူနှင့် ကျင့်ဝတ် လိုက်နာသည့် သတင်းထောက်များအတွက် အဖမ်းခံရမည့် အခြေအနေမျိုး မရှိ ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုခဲ့သည်။

You may also like these stories:

ကလေးတွေကို သတ်ဖြတ်မှုက ကမ္ဘာမှာ ရာဇဝတ်မှုတွေလို့ သတ်မှတ်ထားတယ်

ငပုတောမှ CDM ကျန်းမာရေးဝန်ထမ်းများ ဖိအားပေး ခြိမ်းခြောက်ခံနေရ

စစ်ကောင်စီရဲ့ လက်နက်ကိုင်များ ကလေးသူငယ်တွေကို ပစ်မှတ်ထားလာသလား

Loading