စစ်ကောင်စီက ဦးစီးကျင်းပမည့် ကျောက်မျက်ရတနာပြပွဲတွင် ပုဂ္ဂလိကအနေဖြင့် ဦးပိုင်ကုမ္ပဏီအပါအဝင် ကုမ္ပ ဏီ ၄ ခု ခန့်သာ ပါဝင်ရန် လတ်တလော စာရင်းသွင်းထားသေးကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင် တဦးက ပြောသည်။
ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ ပြပွဲတွင် ပါဝင်မည့် ကုမ္ပဏီများမှာ ဦးပိုင် ကုမ္ပဏီ၊ အရုဏ်ဦးကုမ္ပဏီ၊ JLB နှင့် TSY ကုမ္ပဏီတို့ဖြစ်ကြောင်း လတ်တလော သိရှိရသော်လည်း သီးခြား အတည်ပြုနိုင် ခြင်း မရှိသေးပေ။
ပြည်တွင်း ကျပ်ငွေဖြင့်သာ ရောင်းချမည့် အဆိုပါကျောက်မျက်ရတနာပြပွဲအား ဧပြီ ၁ ရက်မှ ၁၀ ရက်အတွင်း ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ယင်းပြပွဲတွင် ပါဝင်ပြသူ၊ ဝယ်ယူရောင်းချသည့် ကုမ္ပဏီများအား အမည်ပျက် (Black List) စာရင်း သွင်းကာ အရေးယူမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)က ခန့်အပ်ထား သည့် ခေတ္တပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်က သတိပေး ထုတ်ပြန်ထားသည်။
လက်ရှိ စာရင်းများအရ ကျောက်မျက်ပြပွဲတွင် ကျောက်မျက်ရတနာ အတွဲ ၂၁၄၈ တွဲ ပြသမည်ဖြစ်ပြီး ယင်းအထဲတွင် အစိုး ရနှင့် အကျိုးတူများမှ ၁၈၀၀ တွဲခန့်နှင့် ဖမ်းဆီးရမိထားသည့် ကျောက်မျက်ရတနာများလည်း ပါဝင်ကြောင်း သိရသည်။
CRPH က ပါဝင်သူများအား အမည်ပျက်စာရင်းသွင်ရန် ကြေညာပြီးနောက် ကုမ္ပဏီများဘက်က ပြပွဲတွင် ပါဝင်ရန် ချင့်ချိန် နေရပြီး ပြပွဲလာရောက်ရန် မှတ်ပုံတင်သူအနေဖြင့်လည်း ယနေ့အထိ မရှိသေးကြောင်း လုပ်ငန်းရှင်တဦးထံက ပြောသည်။
ပြပွဲပြုလုပ်ရန် စီစဉ်နေသည့် စစ်ကောင်စီဘက်က ပြပွဲတွင် လာရောက်ကာ ဝယ်ယူသူများ၏ အချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ပြီး အာမခံငွေ ပေးသွင်းမှုအရ ဝယ်ယူနိုင်သည့် ပမာဏကိုလည်း ယခင်နှစ်များထက် လျှော့ချပေး ထားကြောင်း သိရသည်။
အဆိုပါပြပွဲတွင် စစ်ကောင်စီ မီဒီယာများမှလွဲ၍ အခြားသော ပုဂ္ဂလိက မီဒီယာများအား သတင်းရယူခွင့် ပေးဖွယ် မရှိ ကြောင်းလည်း သိရသည်။
CRPH နှင့် နိုင်ငံကြီးများက စစ်ကောင်စီ၏ ဝင်ငွေရလမ်းများကို လိုက်လံပိတ်ဆို့ထားရာ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မျက်ရတနာ လုပ်ငန်းများမှ နိုင်ငံတော်ဝင်ငွေများအား အာဏာသိမ်း စစ်ကောင်စီ ထံ မရောက်ရှိရေး ကြိုးပမ်းနေသည့် အပြင်၊ ယမန်နေ့ကလည်း အမေရိကန်နှင့် ဗြိတိန်တို့က စစ်တပ်အား အဓိက ဝင်ငွေ ရှာပေးနေသည့် မြန်မာ့စီးပွားရေး ဦးပိုင်လိမီတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ကို ဒဏ်ခတ်အရေးယူသလို၊ ပြည်သူကလည်း စစ်ကောင်စီထံ စီးဆင်းမည့် အောင်ဘာလေထီကိုပင် မထိုးတော့ဘဲ သပိတ်မှောက်သဖြင့် ဝယ်သူမရှိကာ ထီဖွင့်ရက်ကို နောက်ဆုတ်လိုက်ရသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။
You may also like these stories:
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုကို ဗြိတိန်နှင့် အမေရိကန် အရေးယူ
အာဏာသိမ်းမှု စွန့်မှသာ စစ်ကောင်စီ ခေါင်းဆောင်နှင့် တွေ့မည်ဟု KNU အကြောင်းပြန်
ထိုးသူမရှိ၍ ထီဖွင့်ရက်ကို ရွှေ့ဆိုင်းသော်လည်း ဝယ်သူ မရှိဖြစ်နေ
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေး မြင့်တက်နေ