သတင်း

စစ်ကောင်စီဆန့်ကျင် ဆန္ဒပြရင်း အဖမ်းခံရသူ ၃၂၂ ဦး ထပ်မံ လွတ်မြောက်

ရန်ကုန်မြို့တွင် အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရသူများထဲမှ ၃၂၂ ဦးမှာ ယနေ့ညနေ ၄ နာရီ ခန့်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ကူညီဆောင်ရွက်နေသူ တဦးက ပြောသည်။

ပြန်လည် လွတ်မြောက်လာသူများသည် မတ်လ ၁ ရက်မှ ၇ ရက်အတွင်း အဖမ်းခံခဲ့ရသူများထဲမှ ဖြစ်ကြောင်းလည်း သိရ သည်။

လွတ်မြောက်လာသူများအား YBS ခရီးသည်တင်ယာဉ်များဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ ပို့ဆောင်ကာ ခံဝန်ထိုးစေပြီး ပြန်လည်လွှတ်ပေးနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ၂၄ ရက်ကလည်း ဆန္ဒပြရင်း ဖမ်းဆီးခံရသူများထဲမှ ၆၂၈ ဦး အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ် မြောက်ခဲ့သည်။

ဆန္ဒပြရင်း ဖမ်းဆီးခံထားရသူများထဲက အချို့သူများအား စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲတင်ကာ အရေးယူ မှုများလည်း ပြုလုပ်လျက်ရှိသည့် အပြင် သတင်းရယူနေစဉ် ဖမ်းဆီးခံရသည့် သတင်းသမားအချို့ကိုလည်း တရားစွဲဆို ထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်များ အနေဖြင့် ယခုကဲ့သို့ ဖမ်းမိထားသူများထဲ ၎င်းတို့ စစ်ဆေးပြီးနောက် ပြန်လည် လွှတ် ပေးမှုများ ပြုလုပ်နေသော်လည်း အခြားတဖက်တွင်လည်း NLD ပါတီတာဝန်ခံများ၊ ပြည်သူ အာဏာဖီဆန်ရေး (CDM) ဦး ဆောင်လှုပ်ရှားနေသူများလည်း ဆန္ဒပြပွဲ သပိတ် ခေါင်းဆောင်များအား နေအိမ်များအတွင်း အကြမ်းဖက် ကျူးကျော် ဝင် ရောက်ကာ ဆက်လက် ဖမ်းဆီးနေဆဲ ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတဦးက “ပြန်လွတ်သူတွေအတွက် ဝမ်း သာပါတယ်။ ဒါပေမယ့် ကျေးဇူးတင်စရာတော့ မဟုတ်ပါဘူး။ အစကတည်းက ဖမ်းစရာကို မလိုတာပါ။ ညဘက်တွေ နေရာ ဒေသ အသီးသီးမှာ နေအိမ်တွေ ဖျက်ဆီးပြီး ဝင်ရောက်တာတွေ၊ ဖမ်းချင်တဲ့သူ မမိရင် အိမ်မှာရှိတဲ့သူကို ခေါ်သွားတာတွေ၊ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးတာတွေ၊ ဆန္ဒပြသူတွေကို ပစ်သတ်နေတာတွေ၊ အိမ်ထဲမှာ နေတဲ့သူတွေပါ ထိမှန်သေဆုံး နေရတာတွေ လုံးဝကို ရပ်တန့်က ရပ်ဖို့ လိုပါပြီ။ ဒီလုပ်ရပ်တွေကို လုံးဝ ကန့်ကွက်ပါတယ်” ဟု ပြောသည်။

မြို့နယ်အချို့တွင်မူ ဆန္ဒပြပွဲများတွင် ဦးဆောင် ပါဝင်ခဲ့သည့် ပြည်သူများအား ဖမ်းဝရမ်းထုတ်ကာ ဓာတ်ပုံနှင့်တကွ လက် ကမ်းစာရွက်များဖြင့် ကြေညာလျက် ရှိသည်။

AAPP ၏ စာရင်းများအရ ယနေ့အထိ စစ်ကောင်စီတပ်များ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ကလေး ငယ်များ အပါအဝင် သေဆုံးသူ ၃၂၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းပြင် အာဏာသိမ်းမှု စတင်သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၂၅ ရက်အထိ ဖမ်းဆီးတရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံရသူ စုစုပေါင်း၂၉၈၁ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ထောင်ဒဏ်ချမှတ်ခံရသူ ၂၄ ဦး၊ အမှုဖွင့်ခံရပြီး ဝရမ်းထုတ်ခံရမှုကြောင့် တိမ်းရှောင်နေရသူ ၁၀၉ ဦး ရှိကြောင်းလည်း AAPP က ထုတ်ပြန်ထားသည်။

You may also like these stories:

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဆက်တိုက် အဖမ်းခံနေရ

ဒေါ်အောင်ဆန်းစုကြည်၏အမှု လိုက်မည့်သူများ ရှေ့နေပါဝါ ရရှိ

Loading