မြန်မာနိုင်ငံက စစ်တပ် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှု ကို ၂၀၂၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်နိုင်ရေး အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။
အမည်စာရင်းကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီထံ နော်ဝေနိုင်ငံ၊ အော်စလိုတက္ကသိုလ်မှ လူမှုရေး သိပ္ပံ ပါမောက္ခ ၆ ဦးက အမည်စာရင်း တင်သွင်းထားခြင်း ဖြစ်ကြောင်း အဆိုပါ ပါမောက္ခ ၆ ဦး ကိုယ်စား လူမှုရေးသိပ္ပံ ပါမောက္ခ မစ္စတာ ခရစ္စတင်း စတိုကဲက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
CDM လှုပ်ရှားမှုသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် အကြမ်းမဖက်ဘဲ မည်ကဲ့သို့ ဆောင်ရွက်နေသည် ကို အသိအမှတ် ပြုသည့်အနေဖြင့် အမည်စာရင်းတင်သွင်းရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာ ဏာ သိမ်းခဲ့ပြီးနောက် NLD အစိုးရကို ဖယ်ရှားပြီး စစ်ကောင်စီဖြင့် အစားထိုး၍ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို ဖမ်းဆီး ထိန်းသိမ်းထားလိုက်သည်။
ထိုအခါ နိုင်ငံတဝန်း အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး NLD ပါတီ ခေါင်းဆောင်များကလည်း လူထုကို အကြမ်းမဖက်သည့် နည်းလမ်းဖြင့် အာဏာသိမ်းမှုအား ဆန့်ကျင်ကြရန် ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီး တပတ်အတွင်းမှာပင် မြန်မာနိုင်ငံ လူတန်းစားအလွှာ အသီးသီး၏ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နိုင်ငံတဝန်းပေါ်ပေါက်လာပြီး စစ်ကောင်စီ၏ အမိန့်ညွှန်ကြားချက်ဟူသမျှကို မလိုက်နာဘဲ ဆန့်ကျင်သည့် CDM လှုပ်ရှားမှုလည်း ပေါ်ပေါက်လာကြောင်း ပါမောက္ခ မစ္စတာ ခရစ္စတင်း စတိုကဲက ဆိုသည်။
ဖေဖေါ်ဝါရီ ၉ ရက်တွင် နေပြည်တော်တွင် အမျိုးသမီးငယ်တဦး၏ ဦးခေါင်းကို သေနတ်ဖြင့် သေချာချိန်ကာ ပစ်သတ်ပြီး နောက် ဖေဖေါ်ဝါရီ ၂၀ရက်မှ စတင်ကာ မန္တလေး ရတနာပုံ သင်္ဘောကျင်းမှ CDM ပြုလုပ်သည့် အလုပ်သမားများကို အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခြင်းမှ အစပြု၍ ယနေ့တိုင် ဆက်တိုက်ဆိုသလို ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေခြင်းဖြစ် သည်။
မြန်မာစစ်တပ်ဘက်က အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အင်အား အလွန်အကျွံသုံးကာ အကြမ်းဖက် သည့် နည်းဖြင့် တုန့်ပြန်ခဲ့သော်လည်း မြန်မာလူထုက လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်ဟုလည်း ၎င်းက ပြော သည်။
CDM လှုပ်ရှားမှုများကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခြင်း၊ စစ်တပ်နှင့် ပတ်သက် ဆက်နွယ်သည့် လူပုဂ္ဂိုလ်၊ ကုန် ပစ္စည်းများကို သပိတ်မှောက်ခြင်း၊ အထွေထွေသပိတ်ဆင်နွှဲခြင်းနှင့် သံပုံးတီးဆန့်ကျင်ခြင်းဆိုသည့် ပုံစံအမျိုးမျိုးဖြင့် ဆောင် ရွက်နေခြင်း ဖြစ်ကြောင်း ပါမောက္ခ မစ္စတာ ခရစ္စတင်း စတိုကဲက ဆိုသည်။
မြန်မာနိုင်ငံတွင် CDM လှုပ်ရှားမှုကို မန္တလေးမှ လက်ထောက်ဆရာဝန်များက စတင်သည်ဟု လက်ခံ ယူဆထားကြသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ပါတီဝင် အမြောက်အမြား ကို စစ်တပ်က အင်အားသုံး ဖမ်းဆီးလိုက်ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်တွင် မန္တလေးမှ လက်ထောက် ဆရာဝန်များက အာဏာသိမ်း စစ်တပ်ကို CDM လှုပ်ရှားမှုဖြင့် ဆန့်ကျင်ကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်ပိုင်းတွင် ဆရာဝန်များသာမက မြန်မာနိုင်ငံရှိ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများ အပါအဝင် လူတန်းစားအလွှာ အသီးသီးသို့ ပြန့်နှံ့သွားခဲ့ပြီး ယနေ့အချိန်ထိလည်း အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်သည်။
You may also like these stories:
ငပုတောမှ CDM ကျန်းမာရေးဝန်ထမ်းများ ဖိအားပေး ခြိမ်းခြောက်ခံနေရ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဆက်တိုက် အဖမ်းခံနေရ
ကလေးတွေကို သတ်ဖြတ်မှုက ကမ္ဘာမှာ ရာဇဝတ်မှုတွေလို့ သတ်မှတ်ထားတယ်