ယနေ့ မနက်ပိုင်းကက မုံရွာမြို့ဆားကျင်းသုဿန်အနီး ရဲ ၂ဦး အလောင်းတွေ့ရှိသည့် ကိစ္စနှင့် ပတ်သက်၍ စစ်ဆေးရန် စက်မှုဇုန်ရပ်ကွက်အတွင်းမှ ဖမ်းခေါ်သွားသူများကို ငွေဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများမှ သိရသည်
ယင်း ရဲ ၂ ဦး၏ အလောင်းတွေ့သည့်ကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးရန်ဟု ဆိုကာ သုဿန် အနီး စက်မှုဇုန် ရပ်ကွက်နေသူ ၃၀ ဝန်းကျင်ကို ယနေ့နံနက်အစောပိုင်းက ရဲ၊ စစ်တပ်အင်အား အလုံးအရင်းဖြင့် လာ ရောက် ဖမ်းခေါ်သွားခြင်း ဖြစ်သည်။
“အခု ဖမ်းသွားတဲ့လူထဲက တချို့ကို ၅ သိန်းကနေ ၅၀ အထိပေါ့။ အာမခံကြေးသဘောနဲ့ ရွေးခိုင်းတယ်။ အဲဒါကတော့ သေချာတယ်။ ရဲစခန်းက ရွေးခိုင်းတာ” ဟု ဒေသခံတဦးက ပြောသည်။
ဒေသခံများ ဖမ်းဆီးခံရမှုကို လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေတဦးကလည်း “လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီး စစ်ဆေးတယ်လို့ သိရတယ်။ ၁၃ ယောက်ရှိတယ်၊ ကျနော်တို့ဆီ ဆက်သွယ်လာတာ။ အမျိုးသားတွေချည်းပဲ ဖမ်းဆီး သွားတာ။ လွတ်တာ မရှိသေးဘူး” ဟု ပြောသည်။
ယနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း မုံရွာမြို့ ဆာကျင်း သုဿန်အဝတွင် ပြတ်ရှဒဏ်ရာများ၊ ထိုးသွင်းဒဏ်ရာဖြင့် ရဲ ၂ ယောက်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် အဆိုပါ သုဿန်အနီး ရပ်ကွက်အတွင်းသို့ ဝင်ကာ အမျိုးသမီးများနှင့် ကလေးများကိုပင် ဒူးထောက် ထိုင်ခိုင်းထားပြီး အမျိုးသားများကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဆက်တိုက် အဖမ်းခံနေရ
ကလေးတွေကို သတ်ဖြတ်မှုက ကမ္ဘာမှာ ရာဇဝတ်မှုတွေလို့ သတ်မှတ်ထားတယ်