ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့ရေပေးဝေရေးစီမံကိန်းမှ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဝန်ထမ်း ၁၂ ဦး ရုံးပြန်တက်ရန် ဖိအားပေးခံနေရကြောင်း သိရသည်။
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ ကူညီမှုဖြင့် ဆောင်ရွက်နေသည့် ဖျာပုံ မြို့၊ ရေပေးဝေရေးစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော စည်ပင်ဝန်ထမ်း ၁၂ ဦးမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်၍ CDM တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
CDM ပြုလုပ်နေသည့် အဆိုပါ ဝန်ထမ်း ၁၂ ဦးကို ဖျာပုံမြို့နယ်စည်ပင်ဌာနက ခွင့်မဲ့ပျက်ကွက်အဖြစ် သတ်မှတ်ပြီး စာ ၂ ကြိမ်ထုတ်၍ ရုံးတက်ရန် ဆင့်ခေါ်ခဲ့သည်။
ထို့ကြောင့် ဝန်ထမ်းများက မတ်လ ၂၄ ရက်နေ့တွင် အလုပ်မှ နုတ်ထွက်ကြောင်း စာပေးပို့ခဲ့သော်လည်း မြို့နယ်စည်ပင် ဌာနက လက်မခံဘဲ ရုံးပြန်တက်ရန်နှင့် ရုံးပြန်မတက်ပါက ဥပဒေအရ အရေးယူမည်ဟု ဖိအားပေးနေကြောင်း ဝန်ထမ်းများ က ပြောသည်။
CDM စည်ပင်ဝန်ထမ်းတဦးက “ကျနော်တို့ JICA မှာ CDM ဝင်တဲ့ ဝန်ထမ်း ၁၂ ယောက်ရှိတယ်။ ရုံးကနေပြီးတော့ အ ကြောင်းမဲ့ ခွင့်ပျက်တယ်ဆိုပြီး အကြောင်းကြားစာ ၂ ကြိမ် ထုတ်တယ်။ အဲဒါနဲ့ ကျွန်တော်တို့က နုတ်ထွက်စာကို ၂၄ ရက် မနက်ပိုင်းမှာ တင်လိုက်တယ်။ ညနေလောက်ကျတော့ တတိယအကြိမ် အကြောင်းကြားစာ ထပ်ပို့လာတယ်။ တတိယ အကြိမ် စာထုတ်လို့မှ ရုံးမတက်ဘူးဆိုရင် တရားဥပဒေအရ အရေးယူခံရလိမ့်မယ်လို့ စာလာပို့တဲ့ စည်ပင်ဝန်ထမ်းက ပြော သွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းတွင် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ထွေအုပ်၊ အကျဉ်းဦးစီး၊ ရဲတပ်ဖွဲ့၊ လျှပ်စစ်၊ မီးရထား၊ ဓာတ်မြေ သြဇာစက်ရုံ၊ ပျော့ဖတ်စက်ရုံ၊ သတင်းစာ စက္ကူစက်ရုံ စသည့် ဌာနအသီးသီးမှ ဝန်ထမ်းပေါင်း ထောင်နှင့်ချီ၍ CDM ပြု လုပ်လျက်ရှိသည်။
ထိုသို့ CDM ပြုလုပ်နေသည့် ဝန်ထမ်း အများအပြားကို ရုံးပြန်တက်ရန် ဌာနဆိုင်ရာ အကြီးအကဲ တချို့က ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပြီး ဝန်ထမ်းတချို့မှာလည်း စစ်အာဏာရှင် လက်အောက်တွင် ပြန်လည် အလုပ်မလုပ်နိုင် ဟုဆိုကာ နုတ်ထွက်စာတင်၍ ရာထူးမှ နုတ်ထွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
You may also like these stories:
ငပုတောမှ CDM ကျန်းမာရေးဝန်ထမ်းများ ဖိအားပေး ခြိမ်းခြောက်ခံနေရ
မြန်မာ့ CDM လှုပ်ရှားမှု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရ