စစ်တပ်နှင့် ရဲတို့က ယနေ့ နိုင်ငံတဝန်းရှိ ဆန္ဒပြသူများ ပစ်ခတ်သတ်ဖြတ်ရာ လူပေါင်း ၁ရာကျော်သေဆုံးခဲ့ပြီး ထိုအထဲ တွင် ကလေးငယ် ၅ဦး ပါဝင်ပြီး ၅ နှစ်အောက် ကလေးငယ် ၂ ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရကြောင်း သိရသည်။
သေဆုံးသည့် ကလေးငယ် ၅ ဦးမှာ မွန်ပြည်နယ် မော်လမြိုင်မြို့မှ အသက် ၁၁နှစ်ရှိ မိန်းကလေးတဦး၊ မန္တလေးတိုင်း မိထ္တီလာမြိုနယ်တွင် ၁၃နှစ်ရှိ မိန်းလေးတဦး၊ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၁၃ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်တွင် အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးတို့ ပစ်သတ်ခံခဲ့ရသည်။
မန္တလေးမြိ့ လမ်း ၉၀၊ ၃၅ လမ်းအနီး ပစ်ခတ်ခံရသည့် ၅ နှစ်အရွယ် ကလေးငယ်မှာ လည်ဂုတ်တွင် ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရှိထားသလို၊ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ၁ နှစ်သား အရွယ်ကလေးငယ်မှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ညာဘက်မျက်လုံးထိခိုက်ထားကာ ဦးခေါင်းအတွင်း ကျည်ဆံကျန်ရှိနိုင်သည့် အခြေအနေ ရှိနေသည်။
ရွှေဘိုမြို့နယ်ရှိ အသက် ၁၂ အရွယ် ယောက်ျားလေးမှာ ယခုနွေတွင် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံအရ ရှင်ပြုရန် စီစဉ်ထားပြီး ဖိတ်စာဝေထားပြီးချိန်တွင်မှ ယခုကဲ့သို့ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
“ငါ့သားသေသွားတာ။ ငါ့သား သေသွားတာ” ဟု ဖခင်ဖြစ်သူက သားအလောင်းကို ပွေ့ပိုက်ထား ရင်း အော်ဟစ်ငိုယိုနေ သည့် ဗွီဒီယိုမှာ လူမှုကွန်ယက်တွင် ပြန့်နှံ့လျက်ရှိသည်။
ယခုကဲ့သို့ လက်နက်ကိုင်အဖွဲ့က ကလေးငယ်များကို သတ်ဖြတ်နေခြင်းသည် လူ့အသက်များကို လုံးဝအလေးမထား ကြောင်းကို ပေါ်လွင်နေကြောင်း Save the Children မှတ်ချက်ပြု ထုတ်ပြန်ထားသည်။
Save the Children က “လက်နက်ကိုင်အင်အားစုသည် လူ့အသက်များကို လုံးဝအလေးမထားကြောင်း နေ့စဉ်နှင့်အမျှ ကလေးငယ်များစွာ သတ်ဖြတ်ခံနေရသည့် အချက်က ပြသနေသည်” ဟုဆိုသည်။
မြန်မာနိုင်ငံရှိကလေးများကို ကာကွယ်စောင့်ရှောက်ရန် တခုတည်းသောနည်းလမ်းသည် လူသားအားလုံးအပေါ် အကြမ်း ဖက်မှုကို ရပ်တန့်ရန်ဖြစ်ပြီး အနာတရဖြစ်သော ၊ အသက်သေဆုံးရသော ကလေးများ ပိုပြီး မတိုးလာခင် ဆန္ဒပြသူများ အပေါ် အသက်သေစေနိုင်သည့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် Save the Children က ထပ်မံတောင်းဆို လိုက်သည်။
စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၆ နှစ် ၃ လသာ ရှိသေးသည့် ကလေးငယ် အပါအဝင် ယနေ့အထိ အရွယ်မရောက်သေးသည့် ကလေးငယ် ၂၉ ဦးသေဆုံးခဲ့ပြီဖြစ်ပြီး၊ ယင်းအထဲတွင် မိန်းကလေးငယ် ၅ဦး ပါဝင်ကာ သေဆုံးသူ ကလေးငယ်အများစုမှာ မန္တလေးတိုင်းမှ ဖြစ်၍ ယနေ့အထိ ၁၁ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။
ယနေ့တွင် မြန်မာနိုင်ငံတဝှမ်း၌ လက်နက်ကိုင်တပ်ဖွဲ့၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိပြီး စစ်ကောင်စီ အာဏာသိမ်းသည့် ရက်ပေါင်း ၅၅ ရက်အတွင်း အမြင့်ဆုံး ပစ်ခတ်သတ်ဖြတ်မှုနေ့ ဖြစ်ကာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါကလည်း မြန်မာ့တပ်မတော်က ပြည်သူများကို စောင့်ရှောက်ရမည့် အစား တပ်မတော်နေ့တွင် ပြည်သူများကို သတ်ဖြတ်နေသည်ဟု ရှုတ်ချ ပြောဆိုခဲ့သည်.
ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ကာ မတ်လ ၂၆ ရက်နေ့ထိ ၃၂၈ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
You may also like these stories:
မုံရွာတွင် ရဲ ၂ ဦး၏ အလောင်းတွေရှိမှုနှင့် ပတ်သက်၍ ဖမ်းထားသူများ ငွေဖြင့် ပြန်ရွေးခိုင်းနေ
စစ်ကောင်စီဆန့်ကျင် ဆန္ဒပြရင်း အဖမ်းခံရသူ ၃၂၂ ဦး ထပ်မံ လွတ်မြောက်
တောင်ကြီးတွင် စစ်တပ်နှင့်ရဲ ပစ်ခတ်မှု ၅ ဦး သေဆုံး