သတင်း

စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှု ယနေ့တရက်တည်း ၁၀၀ နီးပါး သေဆုံး

Want create site? Find Free WordPress Themes and plugins.

အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်၌ စစ်ရေးပြအခမ်း အနားကို တက်ရောက်သည့် ဧည့်သည်အနည်းငယ်ဖြင့် ကျင်းပနေရချိန် စစ်တပ်နှင့် ရဲက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ နေသည့် အရပ်သား ၉၀ ကျော်ကို ယနေ့ ပစ်ခတ် သတ်ဖြတ်လိုက်သည်။

ယနေ့တွင် စစ်ကောင်စီက ၇၆ကြိမ်မြောက် တပ်မတော်နေ့ကို နေပြည်တော်တွင် ပြုလုပ်သလို ပြည်နယ်၊ တိုင်း အသီးသီးမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကလည်း အရုဏ်တက်ချိန်ကတည်းက စတင်လှုပ်ရှားခဲ့ရာ စစ်တပ်နှင့် ရဲက ဖြိုခွင်းသဖြင့် လူမမယ်ကလေးများ အပါအဝင် အရပ်သား ၁၀၀နီးပါး သေဆုံးကာ ၁၅၀ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။

စစ်တပ်နှင့် ရဲ၏ ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ သေဆုံးသူ စာရင်းကို ဧရာဝတီက လက်လှမ်းမီသလောက် ယနေ့ ည ၇နာရီခန့် အချိန်ထိ စုဆောင်းရာ တနေ့တည်းတွင် ပစ်သတ်ခံရသူ ၉၇ ဦးရှိပြီး၊ စံချိန်တင် သတ်ဖြတ်မှုဟုပင် ဆိုရမည်ဖြစ် သည်။

စစ်ကောင်စီ၏ လက်နက်ကိုင်များသည် ဆန္ဒပြနေသည့် လူထုကို ဦးခေါင်း၊ လည်ပင်း၊ ရင်ညွှန့်နှင့် ဝမ်းဗိုက်တို့ကို အဓိက ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်သည့်အပြင် ကျည်ထိမှန်ကာ ဒဏ်ရာရရှိထားသူများကိုလည်း ဝိုင်းဝန်း ရိုက်နှက်ခြင်း၊ ကန်ကြောက်ခြင်းများ ပြုလုပ်ကာ ညှင်းပန်း နှိပ်စက်သည်ကို မြင်တွေ့ရသည်။

ယနေ့ သေဆုံးသွားသည့် ၉၇ ဦးထဲတွင် အသက် ၁၁ နှစ်အရွယ်တဦး၊ အသက် ၁၂ နှစ် အရွယ် တဦး၊ အသက် ၁၃ နှစ် အရွယ်တဦးနှင့် အသက် ၁၄ နှစ် အရွယ်တဦးတို့ ပါဝင်သည်။

အဆိုပါ ကလေးငယ်များသည် ၎င်းတို့၏ နေအိမ်နှင့်နေအိမ် ပတ်ဝန်းကျင်တွင် ဆော့ကစားနေစဉ် ပစ်ခတ်သတ်ဖြတ်ခံရ ခြင်း ဖြစ်ကာ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့မှ အသက် ၁၃ နှစ် အရွယ် မောင်ဝေယံဆိုလျှင် မိဘများရှေ့ တွင်ပင် စစ်သားများက အလောင်းကို လုယူသွားခဲ့သည်။

မိခင်ဖြစ်သူက သားအလောင်းကို ပြန်ရလိုကြောင်း ပြောဆိုသော်လည်း စစ်သားများက အလောင်းကို သယ်ဆောင်သွား သည့်အပြင် ပစ်ခတ်ခံရခြင်းကြောင့် သွေးများ ပြန့်ကျဲနေသည့် မြေပြင်ကိုပါ ဘိလပ်မြေများ၊ သဲများဖြင့် ဖုံးပြီး သက်သေများ ဖျောက်ဖျက်သွားသည်။

စစ်တပ်သည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြသည့် လူထုကို ပစ်ခတ်သည်ဟု ခေါင်းစဉ်တပ်ထားသော်လည်း ယနေ့ ပစ်ခတ်သတ်ဖြတ်ခံရသည့်ထဲတွင် လမ်းသွားလမ်းလာများ၊ ဆိုင်ကယ်ဖြင့် သွားလာနေသူများကိုပါ အနီးကပ် ပစ် ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

စစ်သားတဦးတွင် စောင့်ထိန်းရမည့် ကျင့်ဝတ်များကို ဖောက်ဖျက်ပြီး ကျည်ထိဒဏ်ရာရရှိထားသူများနှင့် ထွက်မပြေးနိုင်သူ များကိုလည်း ဝိုင်းဝန်းရိုက်နှက်ခြင်းများ ပြုလုပ်သည်ကို တွေ့ရသည်။

ကျိုက်ထိုမြို့မှ ကိုသော်တာက “သူတို့က တော်တော် ရက်စက်တာ။ ကျနော်တို့ ကျိုက်ထိုက သတင်းထောက်၊ ခြေ ထောက်မှာ ကျည်ထိထားတာကို ရိုက်တာ အဲဒီနားတင်။ မပြေးနိုင်တော့လို့ ဖမ်းမိနေတာကိုတောင် ဒီလိုလုပ်တာ။ သူတို့မှာ လူစိတ်တောင် မရှိတော့ဘူးလို့ ကျနော်တို့ မြင်တယ်။ ဒီလူတွေ အုပ်ချုပ်မှုနဲ့ ဘယ်လိုများ ရှေ့ဆက်ရမလဲဆိုတာ စဉ်းစား ကြည့်လို့တောင် မရဘူး” ဟု ပြောသည်။

ကျိုက်ထိုမြို့နယ်မှ အလွတ်တန်း သတင်းထောက် ကိုထက်မြက်သူသည် ယနေ့ မနက်ပိုင်းက သတင်းယူရင်း ခြေသလုံး၌ ကျည်ထိမှန်ထားသဖြင့် မပြေးနိုင်တော့သည်ကို စစ်တပ်နှင့် ရဲက ဝိုင်းဝန်းဖမ်းဆီးကာ ရိုက်နှက်ပြီး သေနတ်ကျည် ပစ် ဖောက်ခြင်းများ ပြုလုပ်ခဲ့သည်ကို ရုပ်သံမှတ်တမ်းများတွင်လည်း တွေ့မြင်ရသည်။

ယနေ့ စစ်တပ်မှ ပစ်ခတ်ခဲ့သည့် လူဦးရေ စာရင်းမှာ အောက်ပါဇယား အတိုင်း ဖြစ်သည်။

စစ်တပ်သည် မတ် ၂၆ ရက်ကလည်း နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် လူထုကို ပစ်ခတ်သတ်ဖြတ်မည် ဟူ သည့် ခြိမ်းခြောက်စာများ ထည့်သွင်း ကြေညာခဲ့သည်။

နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာထဲတွင် ထည့်သွင်းခြိမ်းခြောက်သည့် စာသည် “ နောက်စေ့နှင့် နောက်ကျောကို ဖောက်မယ့် အန္တရာယ်ရှိနေတယ်ဆိုတာ ရှေ့က မရှုမလှ သေခဲ့ရတာ သင်ခန်းစာ ယူစေလိုပါတယ်။ နားမယောင်လေနဲ့ သားတို့ သမီးတို့။ မိဘများက နားဝင်အောင် ကြိုတင်တားဆီးပါ။ အချည်းနှီး မသေပါစေနဲ့” ဟူ၍ ရေးသားထားခြင်း ဖြစ် သည်။

ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည့် ၁၉၄၅ခုနှစ် မတ်လ ၂၇ရက်ကို အစွဲပြု၍ တော်လှန်ရေးနေ့(နောင်တွင် တပ်မတော်နေ့ အဖြစ်ပြောင်း)တွင် တပ်မတော်က ပြည်သူအား စောင့်ရှောက်ရမည့်အစား သတ်ဖြတ်မှုများပြုလုပ်နေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ရန် နိုင်ငံတကာ သံရုံးများနှင့် ပြည်တွင်းရှိ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များကို တက်ရောက်ရန်နှင့် စစ်ကောင်စီ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ကြိုတင်ဖိတ်ကြားခဲ့ သော်လည်း အများစုက အာဏာသိမ်းမှုကို ရှုတ်ချသည့် အနေဖြင့် အခမ်းအနား မတတ်ဘဲ စစ်တပ်ကို ဖယ်ကျဉ်ထား သည်။

စစ်တပ်၏ စစ်ရေးပြ အခမ်းအနားကို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံ တို့မှ သံတမန်များသာ တက်ရောက်ပြီး အင်အားကြီး အနောက်နိုင်ငံများက တက်ရောက်ခဲ့ခြင်း မရှိပါ။

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲမှ အများစုက စစ်တပ်ကို အဆက်အဆံမလုပ်ပ်ဘဲ စစ် အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုဘက်မှသာ ရပ်တည်မည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU) ဆိုလျှင် စစ်တပ်၏ ရှေ့တန်း တပ်စခန်းများကို တိုက်ခိုက် သိမ်းယူပြီး စစ်မျက်နှာ ဖွင့်ထားပြီ ဖြစ်သည်။

KIA ၏ ထိပ်သီးခေါင်းဆောင်တဦး ဖြစ်သည့် ဗိုလ်ချုပ် ဂွန်မော်က တပ်မတော်နေ့ အခမ်းအနားနှင့် ပတ်သက်၍ သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် “အထီးကျန်ဆိုတာ တယောက်ထဲကို ပြောတာလို့ပဲ နား လည်ခဲ့တာလေ။ အဖွဲ့လိုက်ကြီး အထီးကျန်သွား လိမ့်မယ်လို့ တခါမှ မစဉ်းစားမိခဲ့ဘူး” ဟူ၍ ရေးသားထားသည်။

KNU ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်း အာဏာသိမ်းခြင်းကို စွန့်လွှတ်မှသာ စစ်ကောင်စီခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဟု ဆိုထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်နေ့ အခမ်းအနား ဖိတ်ကြားလွှာနှင့် အတူ KNU ဥက္ကဋ္ဌကို တွေ့ဆုံရန် ဖိတ် ကြားရာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထိုသို့ အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

အထီးကျန်မှုများစွာနှင့် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ တပ်မတော်နေ့

မြန်မာ့ CDM လှုပ်ရှားမှု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading