မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ မင်းတဲအီကင်း ရပ်ကွက်အတွင်း ယမန်နေ့ ညပိုင်းက ပြည်သူတဦးကို အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက သေနတ်ဖြင့်ပစ်ပြီးနောက် မီးရှို့သတ်ပစ်ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ ကလေး ၄ ယောက်၏ ဖခင် အသက် ၄၃ နှစ်အရွယ် ဦးအေးကို ဖြစ်ပြီး ကမ်းနားလမ်း ကျူးကျော်တဲ၌ နေထိုင်သူတဦးဖြစ်ကြောင်း၊ လက်ရှိတွင် မိသားစုများမှာ ပုန်းရှောင်နေရကြောင်း ဒေသခံ တဦးက ပြောသည်။
၎င်းက “မင်းတဲအီကင်း ရပ်ကွက်ရုံး ရှိတယ်။ ညက အဲဒီရုံး မီးရှို့ခံရတယ်။ မီးများလာတော့ မီးသတ်ကားရောက်လာပြီး လာငြှိမ်းတယ်။ မီးလောင်တာကို ဒေသခံတွေက ထွက်ကြည့်ကြတယ်။ မီးလောင်မှု ပြီးသွားတဲ့အခါ စစ်ကားတွေ ရောက်လာတယ်။ သူတို့ကို တွေ့တယ်။ မီးလောင်တာ ထွက်ကြည့်တာလားဆိုပြီး ပြောရင်းနဲ့ ပစ်တယ်” ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက “ဦးအေးကိုက ခါးကို ထိမှန်တာ။ ထိမှန်ရင်း အော်လိုက်သေးတယ်။ ပြေးဆိုပြီး တခြားသူတွေကို ပြေးခိုင်းတယ်။ မင်းက ဒီလောက် ပစ်ခံရတာတောင် မသေတဲ့ကောင်ဆိုပြီး ဆွဲခေါ်ပြီးတော့ မီးပုံဆိုတာ လမ်းတွေပေါ်မှာ တာယာကွင်းတွေ မီးရှို့ထားတာ ရှိတယ်။ အဲဒီအပေါ်ကို သူ့ကို တင်ပြီးတော့ ရှို့ပစ်လိုက်တာ” ဟု ပြောသည်။
၎င်း၏ ပြောပြချက်အရ ယနေ့ နံနက်အစောပိုင်းတွင် အဆိုပါနေရာသို့ ၎င်း ရောက်ရှိသွားရာ မည်သူမျှ မရှိတော့ကြောင်း၊ ကြောက်၍ အကုန်ပြေးကုန်ပြီဖြစ်ကြောင်း၊ နံနက် ၇ နာရီခန့်တွင် ဦးအေးကို၏ အလောင်းကို အရပ်ထဲမှ သာရေးနာရေး အသင်းများမှ လာကောက်ပေးသွားကြောင်း သိရသည်။
မတ် ၂၇ ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီးအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဧရာဝတီက အတည်ပြုနိုင်သည့် စာရင်းများအရ ၃၃ ဦး သေဆုံးခဲ့သည်။
ယနေ့ (မတ် ၂၈ ရက်) နံနက် ၁ နာရီခွဲခန့်ကလည်း ချမ်းမြသာစည်မြို့နယ်အတွင်း မီးလောင်မှုကြောင့် နေအိမ် ၆၀ ကျော် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
You may also like these stories:
R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး
စစ်တွေဆေးရုံတွင် ဆရာဝန် မရှိသဖြင့် လူနာများ အခက်ကြုံ
ပြည်နယ်စီမံအုပ်ချုပ်ရေးတွင် နေရာပေးရန် စစ်ကောင်စီနှင့် ANP တို့ ဆွေးနွေးမည်