မတ်လ ၂၆ ရက် ည ၁၁ နာရီဝန်းကျင်။ ‘ဒလမြို့ကို ကူပါဦး’ ၊ ‘ဒလမှာ ပစ်နေပြီ’ စသဖြင့် တစွန်းစ၊ နှစ်စွန်းစ ကြားသိရတဲ့ အွန်လိုင်း သတင်းတွေကြောင့် လူပေါင်းများစွာဟာ ပူပန်နေကြပါတယ်။
မိုဘိုင်းလ်အင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့် သတင်းစီးဆင်းမှု နှေးကွေးနေပြီး အသေးစိတ် အခြေအနေတွေ သိမြင်ရဖို့ ခက်ခဲနေတဲ့ အနေအထားမျိုး ဖြစ်တာကြောင့် ပိုမို စိတ်ပူနေကြရတာပါ။
စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဒလမြို့ခံ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အပေါ် လူ ထုက ဒလမြို့နယ်ရဲစခန်း အနီးမှာ ဝန်းရံပြီး ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြနေကြပါတယ်။
ဒါကို အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့က လူထုအပေါ် အကြမ်းဖက်ပစ်ခတ်ပြီး တုန့်ပြန်နေတာ ဖြစ်ပါတယ်။ အဲဒီလို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၁၂ ဦးဝန်းကျင် သေဆုံးခဲ့ရပါတယ်။
သေဆုံးသွားသူတွေထဲမှာ တချို့က ၂၇ ရက် နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေရောက်မှ ပြင်းထန်ဒဏ်ရာကြောင့် သေဆုံးခဲ့ရ တာတွေလည်း ရှိပါတယ်။
သေဆုံးသွားသူတွေအနက် ညာဘက်လက်ပြင်ကို နောက်ကျောကနေ ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ ကိုရဲမြတ်သူဟာ သူ့ရှေ့က လည်ပင်း ကျည်ထိမှန်သွားသူ တဦးကို အပြေးအလွှားကူညီဖို့ သွားရောက်စဉ် ပစ်ခတ်ခံခဲ့ရသူပါ။
အသက် ၂၆ နှစ်အရွယ် ကိုရဲမြတ်သူ သေဆုံးခဲ့ရတာကြောင့် အသက် ၆၇ နှစ်အရွယ် ပင်စင်စား အမေအို တယောက် တည်း ကျန်ရစ်ခဲ့ရပါပြီ။
“အန်တီ ဘယ်လိုဖြေရမလဲ။ ခပ်ရှင်းရှင်းပြောရရင် သတ်မသေရဲလို့သာ သတ်သေရဲရင် လိုက်သတ်သေဖြစ်လောက်အောင် အန်တီ ခံစားရတယ်” လို့ ကိုရဲမြတ်သူရဲ့ မိခင်အိုကြီးက ငိုကြွေးနေပါတော့တယ်။
အမျိုးသားဖြစ်သူနဲ့ သမီးဖြစ်သူတို့ဟာ လူ့လောကကို အစောကြီး စွန့်ခွာခဲ့တာကြောင့် ဒီသားတယောက်ပဲ သူ့အတွက် အဖော်အနေနဲ့ ရှိနေခဲ့ပေမယ့် ခုတော့ တခြားမိသားစုဝင်တွေလိုပဲ သူ့ကို စွန့်ခွာသွားခဲ့ပြန်ပါပြီ။
ကိုရဲမြတ်သူနဲ့အတူ သေဆုံးခဲ့သူတွေထဲမှာ ကျောင်းတွေသာ ဖွင့်ဖြစ်ရင် တက္ကသိုလ်ဝင်တန်း ဖြေဆိုရမယ့် ကျောင်းသား တဦးလည်း ပါဝင်ပါတယ်။
လည်ပင်းကို ကျည်ထိမှန်ခဲ့တဲ့ ကိုကျော်ထက်အောင်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါသာ မဖြစ်ခဲ့ရင် တက္ကသိုလ်ဝင်တန်း တက်ရောက်နေရမယ့်သူပါ။
ဆန္ဒပြပွဲသွားတယ်ဆိုရင် မိဘနဲ့ မောင်နှမတွေက ဆူမှာစိုးတဲ့အတွက် မုန့်သွားစားမယ်ဆိုပြီး ထွက်သွားတတ်သူ ဖြစ်သလို ဖုန်းဆက်ခေါ်မှာ စိုးတဲ့အတွက် ဖုန်းကိုလည်း အိမ်မှာ ထားခဲ့တတ်ပါသေးတယ်။ ခုတော့ သူ့ကို ဘယ်တော့မှ ဖုန်းခေါ်လို့ ရတော့မှာ မဟုတ်ပါဘူး။
အစ်မဝမ်းကွဲ ဖြစ်သူကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ကိုကျော်ထက်အောင်ရဲ့ စိတ်အားထက်သန် မှုတွေကို ပြောပြနေပါတယ်။
“မသွားနဲ့လို့ တားရင် သူက ပြောတယ်။ သူရှက်တယ်တဲ့၊ သူသွားမှ ဖြစ်မှာတဲ့။ အိမ်မှာနေရတာကို ရှက်တယ်တဲ့” လို့ သူက ဆိုပါတယ်။
ကိုကျော်ထက်အောင်လိုပဲ အိမ်ကတောင် မသိလိုက်ဘဲ ဆန္ဒပြပွဲကို ရောက်ပြီး သေဆုံးသွားခဲ့ရသူက အသက် ၄၆ နှစ် ရှိပြီ ဖြစ်တဲ့ ဦးဝင်းမြင့် ဖြစ်ပါတယ်။
သမ္ဗာန်ဆိပ်မှာ ညစောင့်လုပ်တာမို့ ၂၆ ရက်နေ့ ညပိုင်းက ဆန္ဒပြပွဲကို ရောက်နေတာ သူ့ဇနီးနဲ့ သမီးတွေ မသိခဲ့ပါ။
ဇနီးဖြစ်သူက “ညကလည်း ကျမက အလုပ်သွားတယ်ပဲ မှတ်နေတာ။ တညလုံးစောင့်နေရတာ” လို့ ဆိုပါတယ်။
ဦးဝင်းမြင့်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် အသက်ကို ပေးဖို့ စဉ်းစားထားပြီးသားလို့ သူ့မိသားစုကို မကြာ ခဏပြောလေ့ ရှိသူလို့ သိရပါတယ်။
“မိသားစုအတွက် ကြည့်ပါလို့ တားရင် သူက ဘာပြောလဲဆိုတော့ နင်လိုလူမျိုးရှိရင် ဒီတိုင်းပြည်ကြီးက လွတ်လပ်ရေး ရမှာ မဟုတ်ဘူး။ ငါကတော့ ဘာပဲဖြစ်ဖြစ် အသက်ပေးပြီးတော့ ရင်းမယ်တဲ့။ ငါသေလည်း သေပျော်တယ်တဲ့” လို့ သူ့ခင်ပွန်း ပြောခဲ့တာတွေကို ဇနီးဖြစ်သူက ပြန်ပြောပြပါတယ်။
ခုတော့ သူ့ခင်ပွန်းဟာ တက္ကသိုလ်ဝင်တန်းအရွယ် သမီး ၂ ယောက်နဲ့ သူ့ကိုခွဲခွာပြီး အိမ်ထောင်ဦးစီး တာဝန်ကနေ အနား ယူသွားခဲ့ပါပြီ။
ဒလမြို့နယ်မှာ သေဆုံးခဲ့ရတဲ့ အိမ်ထောင်ဦးစီးဟာ ဦးဝင်းမြင့်တယောက်တည်း မဟုတ်ပါဘူး။ အသက် ၂၀ အရွယ် ကိုအောင်ဇင်မြင့်ဟာ ညီ ၁ ယောက်၊ ညီမ ၁ ယောက်နဲ့ မိဘ ၂ ပါးကို လုပ်ကျွေးနေသူပါ။ ခုတော့ ကိုအောင်ဇင်မြင့်တယောက် စစ်ကောင်စီရဲ့ လက်ချက်နဲ့ သူ့မိသားစုကို ထာဝရ ခွဲခွာသွားခဲ့ပါပြီ။
“ဒီကောင်လေးပဲ ရှာကျွေးနေတာ မိသားစု အကုန်လုံးကို သူဒိုင်ခံ ရှာကျွေးနေတာ။ သူ့ရဲ့ဝင်ငွေလေးက ကောင်းတယ်။ အဖေ၊ အမေ အစုံရှိသေးတယ်။ ညီမလေးနဲ့ ညီလေးကို ရှာကျွေးနေတာ” လို့ သူ့အစ်ကိုဖြစ်သူက ဆိုပါတယ်။
မွေးချင်း ၅ ယောက်မှာ ကိုအောင်ဇင်မြင့်က တတိယမြောက်ဖြစ်ပြီး သူ့အစ်ကို ၂ ဦးကတော့ အိမ်ထောင်ခွဲနဲ့ ဖြစ် တာကြောင့် သူပဲ မိသားစုကို လုပ်ကျွေးနေတာလို့ အစ်ကို ဖြစ်သူက ပြောပြပါတယ်။
မတ်လ ၂၆ ရက်နေ့ ညသန်ခေါင်းယံ၊ ၂၇ ရက်နေ့ ကူးတဲ့အချိန်မှာတော့ ဒလမြို့တခွင်ဟာ သွေးချင်းချင်းရဲလို့ ယမ်းနံ့တွေနဲ့ မွှန်နေခဲ့ပါတယ်။
အဲဒီလို ပစ်ခတ် သတ်ဖြတ်မှုတွေ မဖြစ်ခင် ည ၈ နာရီသတင်းမှာပဲ စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ လူငယ်တွေ အနေ နဲ့ နောက်စေ့နဲ့ နောက်ကျောကို ပစ်သတ် ခံရနိုင်ဖွယ်ရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ MRTV ရုပ်သံ ကနေ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ဒီလို ခြိမ်းခြောက်စကား ကြေညာပြီး ကနဦးမှာပဲ ဒလမြို့က ပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၂၇ ရက်နေ့မှာ စစ်ကောင်စီက တပ်မတော်နေ့ အခမ်းအနားဆိုပြီး ကျင်းပနေချိန်နဲ့ တပြိုင်နက်တည်းမှာပဲ နိုင်ငံ တဝှမ်းမှာတော့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၀၀ ကျော်ကို ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ပြည်သူကို တရားလက်လွတ် ခြိမ်းခြောက်ရုံမကဘဲ လူသတ်မှုတွေကို ကိုရဲမြတ်သူတို့ နေထိုင်ရာ ဒလ မြို့လေးမှာသာမက နိုင်ငံရဲ့ တနံတလျားမှာ တရားမဲ့ ပြုကျင့်နေတာ ဖြစ်ပါတယ်။
ကိုရဲမြတ်သူတို့၊ ကိုကျော်ထက်အောင်တို့ဟာ စစ်ကောင်စီရဲ့ တရားမဲ့ ပြုကျင့်မှုအောက်မှာ သားကောင်ဖြစ်ခဲ့ပေမယ့် တဖက်မှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီတိုက်ပွဲရဲ့ သူရဲကောင်းကြယ်ပွင့်တွေ ဖြစ်လာခဲ့ပါတော့တယ်။
၂၆ ရက်နေ့ည မတိုင်ခင်အထိတော့ ဒလမြို့လေးမှာ ဒီလိုရဲရင့်တဲ့ သူရဲကောင်းတွေရှိမှန်း သတိမမူခဲ့ကြပေမယ့် ရန်ကုန်မြို့ ရဲ့ တဖက်ကမ်းမှာလည်း မကြွေခင်ကအထိ လင်းမှန်းမသိခဲ့ရတဲ့ ကြယ်ပွင့်တွေများစွာ ရှိနေခဲ့ပါတယ်။ ။
You may also like these stories:
စစ်သားနှင့် ရဲကို နာရေးမကူဟု ထုတ်ပြန်သည့် လူမှုကူညီရေး အသင်းများကို အမှုဖွင့်ဖမ်းဆီးနေ
စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်ရင်း သွေးစွန်းခဲ့ရတဲ့ ကချင်မြေ
အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ