ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အေးစေတီရပ်ကွက်တွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူထုသပိတ် စစ်ကြောင်းကို စစ်တပ်နှင့်ရဲက ပစ်ခတ်ဖြိုခွင်းရာ ထိုနေရာတွင် သတင်းယူနေသည့် သတင်းထောက် နှစ်ဦး ဖမ်းဆီးခံ ထားရသည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံရသူ၂ ဦးမှာ မြစ်ကြီးနားမြို့အခြေစိုက် Kachinwaves သတင်းဌာနမှ သတင်းထောက် ကိုလရော်၊ The 74 Media မှ သတင်းထောက် မချန်ဘူတို့ ဖြစ်သည်။
Kachinwaves သတင်းဌာနမှ အယ်ဒီတာ တဦးက “အေးစေတီ သပိတ်စစ်ကြောင်းကို ဖြိုခွင်းတော့ သတင်းယူနေတဲ့ သတင်းထောက် နှစ်ဦးကိုပါ ရဲက အချုပ်ကားပေါ် ခေါ်တင်သွားတာပါ။ သူတို့အတွက် ရှေ့နေငှားဖို့ တွေတော့ အခု စုံစမ်း နေပါတယ်။ မျက်မြင်တွေ့သူတွေ ပြောတာ ရိုက်လည်း ရိုက်ခံထားရတယ်ဆိုတော့ ကျနော်တို့ စိတ်ပူနေပါတယ်” ဟု ပြော သည်။
စစ်တပ်နှင့်ရဲသည် အေးစေတီ သပိတ်စစ်ကြောင်းကို ဖြိုခွင်းရာတွင် ပစ်ခတ်ဖြိုခွင်းသည့်အပြင် လူထုကိုလည်း ရိုက်နှက် ကြောင်း၊ ဖမ်းဆီးခံရသည့် သတင်းထောက်၂ ဦးကိုလည်း ရိုက်နှက်ခြင်းများ ပြုလုပ်ကြောင်း မျက်မြင်တွေ့သူ အချို့က ပြောသည်။
၂၀၁၄ ခုနှစ်က ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းထားပြီး တည်ဆဲဥပဒေဖြစ်သည့် သတင်းမီဒီယာဥပဒေ အရ အဓိကရုဏ်းနှင့် ဆန္ဒပြပွဲ များတွင် သတင်းရယူနေသည့် သတင်းထောက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခွင့် မရှိပါ။
သတင်းမီဒီယာဥပဒေ၏ ပုဒ်မ ၇ တွင် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတရပ်ရပ်က သတင်းထောက်ကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းများ ရယူနေသည့် ကိရိယာများကို ဖျက်ဆီးခြင်း၊ သိမ်းယူခြင်းများ လုပ်ခွင့်မရှိကြောင်း၊ ထိုသို့လုပ် ဆောင်ခြင်းမှ ကင်းလွတ်ခွင့် ရှိရမည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်အရ သတင်းမီဒီယာသမားများသည် စစ်မက်ဖြစ်ပွားရာ ဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာ နေရာများတွင် သတင်းရယူပိုင်ခွင့်ရှိသည်။
You may also like these stories:
မန္တလေး၌ လူတဦး သေနတ်နှင့် ပစ်ပြီး မီးရှို့သတ်ခံရ
လှိုင်မြို့နယ်တွင် လက်ပစ်ဗုံးသုံး ပစ်ခတ်သဖြင့် အမျိုးသား ၁ ဦး လက်ပြတ်
စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှု ယနေ့တရက်တည်း ၁၀၀ နီးပါး သေဆုံး