မတ်လ၂၈ ရက် ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် ၆ ရပ်ကွက်ရှိ ဘန့်ဘွေးကုန်းလမ်းမကြီးပေါ်တွင် ဆန္ဒ ဖော်ထုတ်သူများက ခံတပ်ပြုလုပ်ထားသည်ကို ရဲ တပ်ဖွဲ့နှင့် စစ်တပ်က ည ၉ နာရီခန့်တွင် ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့ရာ ဧရာဝတီတိုင်း လွှတ်တော်ရုံးမှ CDM ဝန်ထမ်း ကို ဇင်လင်းအောင် (အသက် ၂၆ နှစ်) ၏ ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။
သေဆုံးခဲ့သူ ကိုဇင်လင်းအောင်၏ မိသားစုဝင် တဦးက “စစ်တပ်နဲ့ ရဲတွေက ရပ်ကွက်တွေထဲ ဝင်မှာစိုးလို့ ဘန့်ဘွေးကုန်း လမ်းမှာ ခံတပ်တွေလုပ်ထားတာ ရှိတယ်။ သူက မနေ့ညက အဲဒီ ခံတပ်မှာ သွားပြီး ကင်းစောင့်နေတုန်း တပ်က ကျည် အစစ်နဲ့ ပစ်တာ။ လည်ပင်း တည့်တည့်ကို ဖောက်ဝင်သွားပြီး နေရာမှာတင် ဆုံးသွားတာပါ” ဟု ဧရာဝတီကို ပြောသည်။
ရဲတပ်ဖွဲ့နှင့် စစ်တပ်က ယမန်နေ့ညပိုင်းတွင် ပုသိမ်မြို့အား မီးဖြတ်၍ အောင်ချမ်းသာ၊ ရာမည၊ ဇေယျဝတီရပ်ကွက်များ အတွင်း လှည့်လည် ပစ်ခတ်ပြီးနောက် ဘန့်ဘွေးကုန်းလမ်းမပေါ်ရှိ ခံတပ်ကို လာရောက် ပစ်ခတ်ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွဲခဲ့သည့်အတွက် ကိုဇင်လင်းအောင် သေဆုံးခဲ့သလို ခြေထောက်ကို ကျည်ထိသူနှင့် လက်မောင်းကို ကျည်ထိမှန်သူ၂ ဦး ရှိခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့ခံတဦးက “စစ်တပ်နဲ့ ရဲတွေက ခံတပ်ကို မလာခင်မှာ အနီးနားက ရပ်ကွက် တွေကို သေနတ်နဲ့ ဝင်ပစ်ပြီးတော့မှ ခံတပ်ကို လာပစ်တာ။ ကိုဇင်လင်းအောင်က စတီးဒိုင်း ကိုင်ထားတာကို ကျည်က ဒိုင်း ကို ဖောက်ပြီး လည်ပင်းကို မှန်သွား တာ။ အဲဒီလို ပစ်ခတ်ပြီးတော့ သူတို့တွေ ခံတပ်ကို ဖျက်ပစ်လိုက်တယ်” ဟု ပြောသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင်လည်း အောင်ချမ်းသာ၊ ကျောက်ငူ၊ ရာမည စသည့် ရပ်ကွက်များသို့ လှည့် လည် ၍ လမ်းပေါ် တွေ့သမျှလူများကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ပုသိမ်မြို့ခံများက ပြောသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ်တည်ရှိရာ ပုသိမ်မြို့တွင် စစ်ကောင်စီက တာဝန်ပေးထားသည့် ရဲတပ်ဖွဲ့နှင့် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကိုဇင်လင်းအောင် အပါအဝင် သေဆုံးသူ ၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
မြစ်ကြီးနားတွင် သတင်းထောက် နှစ်ဦး ဖမ်းဆီးခံရ
မန္တလေး၌ လူတဦး သေနတ်နှင့် ပစ်ပြီး မီးရှို့သတ်ခံရ
လှိုင်မြို့နယ်တွင် လက်ပစ်ဗုံးသုံး ပစ်ခတ်သဖြင့် အမျိုးသား ၁ ဦး လက်ပြတ်