စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့နယ်ဘက်မှ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေး ခိုလှုံရန် လာရောက်သည့် မြန်မာနိုင်ငံသားများအား မဏိပူရ် အာဏာပိုင်များမှ မတ်လ ၂၇ ရက်က ပြန်လည် မောင်းထုတ်မှုများ ရှိနေ ကြောင်း Imphal Free Press က ဖော်ပြခဲ့သည်။
မဏိပူရ်ပြည်ထဲရေးဌာန အနေဖြင့်လည်း မတ်လ၂၆ ရက်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အခြေအနေကြောင့် ထွက် ပြေးလာကြမည့် မြန်မာနိုင်ငံသားများအား ကူညီထောက်ပံ့မှု မလုပ်ရန် ညွှန်ကြားစာ ထုတ်ပြန်ထားသည်။
တမူးမြို့ခံ အမျိုးသမီးတဦးကလည်း ယခု ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ခိုလှုံသူများအား ပြန် လည် မောင်းထုတ်သည့် ဖြစ်စဉ်များ ရှိသော်လည်း အထောက်အထား တစုံတရာရှိပြီး သက်ကြီး ရွယ်အိုများနှင့် ကလေး ငယ်များအား လက်ခံပေးမှုများလည်း ရှိကြောင်း ပြောသည်။
၎င်းက “သက်ကြီး၊ ကလေးငယ်တွေကိုတော့ လက်ခံပေးတယ်။ မှတ်ပုံတင်ပါတဲ့ သူတွေ၊ အဲဒီဘက်မှာ အဆက်အသွယ် ရှိ တဲ့သူတွေကိုတော့ လက်ခံတဲ့ သဘော ရှိပါတယ်။ အလုံးအရင်းနဲ့ အဆက်အသွယ် မရှိဘဲ ဝင်လာတဲ့သူတွေ ကိုတော့ လက်မခံဘူး။ တချို့က နေအိမ်ကို စွန့်ခွာပြီး ရွာလုံးကျွတ် ထွက်ပြေးတဲ့သူတွေပေါ့။ နယ်စပ် ချင်းရွာတွေက ပြေး ကြတာပါ။ လူငယ်တွေက မသွားကြပါဘူး” ဟု ပြောသည်။
ပြီးခဲ့တဲ့ မတ်လ၂၅ ရက်နှင့်၂၆ ရက်က တမူးမြို့တွင် စစ်ကောင်စီတပ်များက ဆန္ဒပြသပိတ် စစ်ကြောင်းများအား အကြမ်းဖက် ပစ်ခတ်မှုများကြောင့် ကိုမျိုးမင်းအောင်(ခ) ကိုဖိုးကုလား ဆိုသူ သေဆုံးခဲ့ရပြီး ၇ ဦး သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း သိရသည်။
တမူးမြို့တွင် စစ်အာဏာသိမ်း ဆန့်ကျင့်ရေး ဆန္ဒထုတ်ဖော်နေသူ တဦးကလည်း “တမူး ပြည်သူတွေက နေအိမ်စွန့်ခွာ ပြေးရတဲ့ အခြေအနေမျိုးတော့ မလိုအပ်သေးဘူး ထင်တယ်။ တမူးက တခြားမြို့တွေလောက်တော့ မဆိုးဝါးသေးဘူး ထင် ပါတယ်။ ဒီလို စွန့်ခွာတာက မလိုလားအပ်တဲ့ အကြောက်တရားနဲ့ မြို့ရွာမှာ လူတွေ မရှိတာ ဖြစ်လာနိုင်တယ်။ ကျမတို့ လည်း အခု ကိုယ်တိုင် ဆန္ဒထွက်ပြပြီး တိုက်ပွဲဝင်နေတာပါ။ ကျမတို့လည်း ပြေးရင် ပြေးလို့ရပေမယ့် ကျမတို့ ထွက်မပြေး ပါဘူး၊ ပြည်သူတွေ ဝန်းရံပြီး အတူ ရပ်တည်ပေးကြပါ” ဟု တိုက်တွန်းပြောကြားသည်။
စစ်ကောင်စီတပ်များက အကြမ်းဖက် ပစ်ခတ်မှုများရှိနေသော်လည်း တမူးမြို့တွင် ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ရှိနေပြီး ယနေ့တွင်လည်း သပိတ်စစ်ကြောင်း ၃ ခုဖြင့် ရပ်ကွက်များအတွင်း လည့်လှည် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ယခုကဲ့သို့ စစ်အာဏာသိမ်းမှုအောက်မှ ထွက်ပြေး ခိုလှုံလာသူများအား မဏိပူရ်ပြည်နယ်ဘက်က ပြန်လည် မောင်းထုတ် မှုများ ရှိနေသော်လည်း ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်တွင်မူ ရဲဝန် ထမ်းများ၊ CDM လှုပ်ရှားသူများနှင့် ပြည်သူများ ရာနှင့်ချီကာ ခိုလှုံလာမှုအား ထောက်ပံ့ကာကွယ် ပေးထားကြောင်း သိရ သည်။
ပြီးခဲ့သည့် မတ်လ၂၁ ရက်ကလည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga အနေဖြင့် CRPH က ခန့်အပ်သည့် ခေတ္တ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သလို အသက်အန္တရာယ် စိုးရမ်ရသည့် အတွက် ထွက်ပြေး ခိုလှုံလာကြသူများအား အိန္ဒိယအစိုးရအနေနဲ့လည်း ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်း ပြောကြားထားသည်။
You may also like these stories:
စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှု ယနေ့တရက်တည်း ၁၀၀ နီးပါး သေဆုံး
လေကြောင်း တိုက်ခိုက်မှု ကရင်ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ