လူထု တောင်းဆိုနေသည့် နိုင်ငံရေးလိုလားချက်ကို မလိုက်လျောဘဲ အကြမ်းဖက် သတ်ဖြတ်မှုများကို ဆက်ဖြစ်ပွားနေပါက စစ်တပ်ကို ခုခံကာကွယ်နိုင်ရေးအတွက် မြန်မာ့နွေဦး တော်လှန်ရေး ဆင်နွဲနေသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ပူး ပေါင်းပါမည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က သဘောထား ထုတ်ပြန်ချက်တစောင် ထုတ်ကာ ပြောဆိုလိုက်သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့သည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ဖြစ်သည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “ပြည်သူတွေအပေါ်မှာ ကိုင်တွယ်ပုံဟာ အများကြီး ရက်စက်ကြမ်းကြုတ်တယ်။ အပြစ်မဲ့ ပြည်သူတွေကို နေ့ စဉ်နဲ့ အမျှ ရက်ရက်စက်စက် မတရား ပစ်ခတ် သတ်ဖြတ်နေတယ်။ မတရား ဖမ်းဆီးနှိပ်စက်မှုတွေ ပြည်သူတွေရဲ့ ပစ္စည်း ဥစ္စာ လုယူမှုတွေ တနေ့ထက် တနေ့ ပိုများလာတာ တွေ့ရတယ်။ မြန်မာစစ်တပ်နဲ့ ရဲတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကျနော်တို့ အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု ပြောသည်။
နိုင်ငံတဝန်းမှ လူထုသည် စစ်တပ်ကို အာဏာသိမ်းထားခြင်းမှ စွန့်လွှတ်ပြီး အရပ်သား ခေါင်းဆောင်များနှင့် ဖမ်းဆီးထား သူ အားလုံးကို ပြန်လွှတ်ပေးရန်၊၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံရန် တောင်းဆိုနေခြင်းဖြစ်ရာ ညီ နောင် မဟာမိတ် ၃ ဖွဲ့က လူထုတောင်းဆိုချက်ကို စစ်တပ်က အမြန်ဆုံးညှိနှိုင်းရန် လိုအပ်သည် ဟုလည်း တိုက်တွန်းထားသည်။
လူထုနှင့် ညှိနှိုင်းခြင်းများ မပြုလုပ်ဘဲ ဆက်အကြမ်းဖက်နေပါက လူထုအနေဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်အောင် လူထုဘက်မှ ပူးပေါင်း ဆောင်ရွက်ပါမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ညီနောင် မဟာမိတ် ၃ ဖွဲ့အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် အတူ ပူးပေါင်းမည့် အပြင် ၎င်းတို့၏ ညီနောင် မဟာမိတ် တပ်များနှင့်လည်း ပူးပေါင်းပါမည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
စစ်တပ်က အာဏာသိမ်းခြင်းကြောင့် နိုင်ငံတဝှမ်းမှ သန်းနှင့်ချီသည့် လူထုက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေပြီး စစ်တပ်နှင့်ရဲက လူထုကို ပစ်ခတ်သတ်ဖြတ်နေရာ လူမမယ်ကလေးများ အပါအဝင် သေဆုံးသူ ဦးရေမှာ ၅၀၀ ကျော်နေပြီ ဖြစ်သည်။
အာဏာသိမ်းစဉ် ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းကစ၍ ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးသမားများအပြင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခြင်းကြောင့် နိုင်ငံတဝှမ်း ဖမ်းဆီးခံထားရသူ ဦးရေမှာ ၃၀၀၀ ခန့် ရှိနေပြီ ဖြစ်သည်။
စစ်တပ်၏ ပြုမူဆောင်ရွက်မှုများအရ သေဆုံးသူနှင့် ဖမ်းဆီးခံရသူဦးရေမှာ ထပ်မံ တိုးလာနိုင်သည့် လက္ခဏာများ မြင်တွေ့ နေရပါသည်ဟုလည်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ဆိုသည်။
ဦးခိုင်သုခက “ဒီလို အခြေအနေမှာ အဖိနှိပ်ခံပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် ကျနော်တို့ အဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ၊ ပြည်သူလူထုတွေကြားမှာ မိမိကိုယ်ကို ခုခံ ကာကွယ်နိုင်အောင် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်” ဟု ပြောသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့သည် စစ်တပ် အာဏာမသိမ်းခင်က ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် လက်မှတ် ရေးထိုးနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ကာ အပစ်ရပ် ဆွေးနွေးမှုကို အထောက်အကူ ပြုစေရန်အတွက် တဖက်သတ် အပစ် အခတ်ရပ်စဲရေးကိုလည်း ကြေညာနေသည့် အဖွဲ့များ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင်လည်း ၎င်းတို့က မတ် ၃၁ ရက်အထိ တဖက်သတ် အပစ်ရပ်ပေး ပါမည်ဟု ထပ်မံ ကြေညာခဲ့သည်။
ယခုအခါ လပိုင်းအလိုက် သက်တမ်းတိုးနေသည့် စစ်တပ်နှင့် အပစ်ရပ်ဆိုင်းကြောင်း ကြေညာချက်ကို ရပ်ဆိုင်းရန် ညီ နောင် မဟာမိတ် ၃ ဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များကြား ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “အကြမ်းဖက် ဖြိုခွင်းနေတာတွေကို ကျနော်တို့ ရှုတ်ချတယ်။ ကျဆုံးသွားတဲ့ ဆန္ဒပြသူတွေရဲ့ မိသားစုနဲ့အတူလည်း ဝမ်းနည်းပါတယ်။ ဒါကြောင့် တဖက်သတ် အပစ်ရပ် တာကို ပြန်သုံးသပ်နေတာပါ။ ဘယ်လိုဖြစ်မယ် ဆိုတာကတော့ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြန်စဉ်းစား သုံးသပ်နေပါတယ်။ ဆုံးဖြတ်ချက်တော့ မကျသေးပါဘူး” ဟု ပြောသည်။
စစ်တပ်အနေဖြင့် အကြမ်းဖက်မှုများ၊ လူထုကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများကို ဆက်ပြုလုပ်ကာ လူထု တောင်းဆိုနေသည့် နိုင်ငံရေး တောင်းဆိုမှုများကို ညှိနှိုင်းဆွေးနွေးခြင်း မပြုပါက TNLA အနေဖြင့် ညီနောင် မဟာမိတ် တပ်များနှင့် ပူးပေါင်းကာ ခုခံကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ပါမည်ဟု ဆိုသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က “ကျနော် ဆိုလိုချင်တာက လူထုလည်း ရှိတယ်။ ဘဝတူ ညီနောင်ဆိုတာ စစ်ရေးအရ ကျနော် တို့ ပူးပေါင်းနေတဲ့ ဘဝတူ မဟာမိတ်တွေ ရှိတယ်။ အခြား အဖွဲ့အစည်းနဲ့ နိုင်ငံရေးအရ ပူးပေါင်းနေတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ ကျနော်တို့အဖွဲ့က ဘဝတူညီနောင်မဟာမိတ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုလို တာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ညီနောင်မ ဟာမိတ် ၃ ဖွဲ့၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) သည် လူထုနှင့် အတူ ရပ်တည်ဟု ဆိုကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်တပ်ကို စစ်မျက်နှာဖွင့်ကာ တိုက်ခိုက်မှုများကို မတ် ၁၁ ရက်မှ စ၍ ပြုလုပ်နေသည်။
ကချင်ပြည်နယ်တွင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့သုံး ယာဉ်များကို ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ စစ်တပ်နှင့် ပြည်သူ့စစ် တပ်စခန်းများကို တိုက်ခိုက်ခြင်း၊ စစ်တပ်၏ ဗျူဟာကုန်းများကို တိုက်ခိုက် သိမ်းယူခြင်းများ ပြုလုပ်လျက် ရှိသည်။
KIA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် စစ်တပ်က KIA တပ်ရင်း၊ တပ်ဖွဲ့များ အခြေစိုက်သည့် နယ်မြေများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများလည်း ပြုလုပ်လျက် ရှိသည်။
ထို့ပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ မဟာမိတ်ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ (၅) တွင်လည်း ဗိုလ်ချုပ် ဘောကျော်ဟဲ ဦးဆောင်ကာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် အတွင်းရှိ စစ်တပ်၏ တပ်စခန်းများကို စီးနင်းတိုက်ခိုက် ကာ သိမ်းယူခြင်း၊ စစ်တပ်၏ ရှေ့တန်းတပ်စခန်းများ ရိက္ခာပြတ်တောက်စေရန် ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိသည်။
ဖာပွန်ခရိုင်တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို မတ် ၂၇ ရက်မှစ၍ ယနေ့ထိ ညတိုင်း လာရောက် ဗုံးကျဲ ခြင်းများ ပြုလုပ်လျက်ရှိသည်။
စစ်တပ်က ဗုံးကျဲတိုက်ခိုက်ရာတွင် KNLA တပ်စခန်းများကိုသာ တိုက်ခိုက်ခြင်း မဟုတ်ဘဲ ကရင်ဒေသခံများ၏ ကျေးရွာ များကိုပါ ဗုံးကျဲသဖြင့် ကျေးရွာများ မီးလောင်ကာ ဒေသခံ တသောင်းကျော်မှာ စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ထွက် ပြေး နေကြရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်တပ်ကြားတွင်လည်း တဖက်သတ် အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက်များ ထုတ်ပြန်ထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA ၊ MNDAA နှင့် စစ်တပ်ကြား စစ်ရေးအခြေအနေ တည်ငြိမ်ခြင်း မရှိပါ။
မတ် ၂၅ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် TNLA၊ MNDD ပူးပေါင်းတပ်နှင့် စစ်တပ်ကြား တိုက်ခိုက် မှုများ ဖြစ်ပွားထားသည်။
AA နှင့် စစ်တပ်သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာမှ ၂၀၂၀ နိုဝင်ဘာအထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံ၏ ကြားဝင်စေ့စပ် ညှိနှိုင်းမှုကြောင့် အပစ်အခတ်များ ရပ်စဲနိုင်ကာ နှစ်ဖက်တပ် ထိပ်သီး ခေါင်းဆောင်များပင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ထားသည်။
ရခိုင်ပြည်နယ်တွင်း ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားဘဲ လက်ရှိအချိန်ထိ AA နှင့် စစ်တပ်ကြား စစ်ရေးအခြေအနေမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။
You may also like these stories:
မြန်မာလူထုကို ထိရောက်စွာကာကွယ်ရန် တောင်ကိုရီးယား အဖွဲ့အစည်းများ တောင်းဆို
စစ်သားနှင့်ရဲ ပစ်သတ်မှု သေဆုံးသူ ၄၅၀ ကျော်ရှိပြီ
ဆန္ဒပြသူတွေကို စစ်တပ်နှင့်ရဲ သတ်ဖြတ်မှု အမေရိကန်သမ္မတနှင့် EU တို့ ပြစ်တင် ရှုတ်ချ
စစ်တပ် အကြမ်းဖက်မှုများက လူငယ်တွေ လက်နက်ကိုင်ရေး တွန်းပို့နေ