ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် မတ်လ ၂၉ ရက်က စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက စစ်ပွဲများတွင် သုံးသည့် ဖျက်အားပြင်းလက်နက် များဖြင့် အကြမ်းဖက် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၀ နီးပါးရှိကြောင်း သိရသည်။
“အသက်ဆုံးသွားတာ ၁၂ ယောက်ရှိတယ်။ အဲဒါက သယ်လို့ရတဲ့ အရေအတွက်ပေါ့။ အလောင်းပြန်မရတဲ့ လူတွေ လည်း ရှိတော့ ခန့်မှန်းဆိုရင်၂၀ လောက် သေဆုံးတာဖြစ်နိုင်ချေရှိတယ်” ဟု ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တဦး က ပြောသည်။
ထို့ပြင် တောင်ဒဂုံ မြို့နယ် ၅၆ ရပ်ကွက် လမ်းဆုံတွင်လည်း လူတဦးကို မီးရှို့သတ်ထားသည့် ရုပ်အလောင်းကို ယနေ့ နံနက်အစောပိုင်းက တွေ့မြင်ရသည်။
ဒေသခံတဦးက “ဒလန် ဖမ်းထားတာကို မထုတ်ပေးတဲ့ အတွက်ကြောင့်မို့လို့ ပြည်သူထဲက တယောက်ကို လုပ်တယ်လို့ သိရတယ်” ဟု ဆိုသည်။
ယမန်နေ့က တောင်ဒဂုံမြို့နယ်ရှိ ၅၄၊ ၅၅၊ ၅၆၊ ၇၀၊ ၇၁၊ ၇၂၊ ၁၀၇၊ ၁၀၆ အစရှိသည့် ရပ်ကွက်များတွင် စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက အင်အားပြင်း လက်နက်များဖြင့် ပစ်ခတ်မှုကြောင့် ထိမှန် ဒဏ်ရာရထား သူ ၅၀ ကျော် ရှိနေကြောင်း ကူညီစောင့်ရှောက်ပေးနေသည့် အဖွဲ့များထံက သိရသည်။
ကူညီစောင့်ရှောက် ကုသပေးနေသူ တဦးက “အခု ကုပေးနေရတာက လက်ပစ်ဗုံးအစ စင်တဲ့လူတွေကို ကုပေးနေရ တာ တော်တော် များတယ်။ ၁ ရပ်ကွက်တည်းမှာတင် ၁၀ ယောက် မကဘူး။ အစတွေက စင်တော့ လူပိုများတာပေါ့” ဟု ဆိုသည်။
တောင်ဒဂုံမြို့နယ်တွင်၂၉ ရက် မနက်ပိုင်းကတည်းကနေ ယနေ့မနက်အစောပိုင်း အချိန်အထိ လက်နက်ကိုင် တပ်ဖွဲ့ အင်အား အလုံးအရင်းဖြင့် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့တွင်လည်း အင်အားဖြည့်တပ်စွဲထားကာ ရပ်ကွက် အချို့တွင် ဝင်ရောက် စစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ စစ်အင်အား အများအပြား ချထားသဖြင့် အချို့ရပ်ကွက်များတွင် နေအိမ်စွန့်ခွာထွက်ပြေးကြသူများလည်း ရှိနေ ကြောင်း ဒေသခံအချို့က ဆိုသည်။
“၅၅ ရပ်ကွက်က ပြည်သူတွေက ကားလေးတွေနဲ့ နယ်တွေဆင်းကုန်ကြပြီနဲ့ တူတယ်။ အထုပ်လေးတွေ ထုပ်ပြီးတော့။ အသိလမ်းဆို တဝက်လောက်ပဲ ရှိတော့တယ်” ဟု ဒေသခံ တဦးက ပြောသည်။
စစ်ကောင်စီအာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၂၉ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅၁၀ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်ထားသည်။
You may also like these stories:
ဆက်လက် အကြမ်းဖက်သတ်ဖြတ်နေပါက လူထုနှင့် ပူးပေါင်းမည်ဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
စစ်သားနှင့်ရဲ ပစ်သတ်မှု သေဆုံးသူ ၄၅၀ ကျော်ရှိပြီ
စစ်တပ် အကြမ်းဖက်မှုများက လူငယ်တွေ လက်နက်ကိုင်ရေး တွန်းပို့နေ