သတင်း

ထိုင်းက လက်မခံ၍ ကရင် စစ်ရှောင်ဒုက္ခသည်များ နေရပ် ပြန်နေထိုင်ရ

Want create site? Find Free WordPress Themes and plugins.

လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ထွက်ပြေးလာသည့် ကရင် စစ်ဘေးရှောင် ဒုက္ခသည်များကို ထိုင်းနိုင်ငံက လက် မခံ သဖြင့် ဒုက္ခသည်များမှာ လုံခြုံရေး အာမခံချက် မရှိသည့် နေရပ်ရင်းရွာများတွင်သာ ပြန်လည် နေ ထိုင်နေကြရသည်ဟု သတင်း ရရှိသည်။

ကရင် ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) မှ ပြောရေးဆိုခွင့်ရှိသူ တဦးက “ထိုင်းဘက်ကို ရောက်လာသူ တွေက ကလေး၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေက အများစု ဖြစ်ပါတယ်။ သူတို့ ထိုင်းဘက်မှာ ရောက်တဲ့အချိန် စားစ ရာလည်း ဘာမှ မရှိဘူး။ ဘာမှမရကြဘူး။ အဲဒီတော့ ကြာကြာနေလို့ မဖြစ်၊ နေရပ်ပြန်ဖို့ကလည်း သူတို့ ကြောက်နေ တယ်။ သူတို့က ဘယ်နေရာမှ ပြေးလို့ မရဘူး ဖြစ်နေတယ်။ ထိုင်းဘက်ကလည်း လက်မခံတော့ သူတို့ရွာမှာပဲ အခု ပြန်နေ နေကြတယ်။ မြေအောက်မှာ ကျင်းတူးပြီး နေနေကြတယ်” ဟု ပြောသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် အတွင်းရှိ အီးတူထာ စစ်ဘေးရှောင်စခန်း၊ မယ်နူထာကျေးရွာနှင့် အူးဝဲကလိုးကျေးရွာမှ ဒေသခံ ၃၀၀၀ ကျော်သည် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြားတွင် မလုံခြုံသဖြင့် မတ်၂၈ တွင် သံလွင်မြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံ နယ်စပ်ထဲသို့ ထွက်ပြေးကြခဲ့ကြသည်။

ထိုင်းနိုင်ငံဘက်မှ အာဏာပိုင်များက ကရင်စစ်ဘေးရှောင် ဒုက္ခသည်များကို ၎င်းတို့ နယ်နိမိတ်အတွင်း လက်မခံကြောင်း ပြောဆိုကာ နေရပ်သို့ ပြန်ကြရန် နှင်ထုတ်သဖြင့် မတ်၂၉ ရက်မှစ၍ ဒေသခံများမှာ မလုံခြုံသည့် နေရပ်ရင်းသို့ လှည့်ပြန် နေကြရခြင်း ဖြစ်သည်။

မတ်၂၉ ရက်တွင် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ၂၀၀၀ ကျော်သည် နေရပ်ရင်းသို့ လှည့်ပြန်လာကြသလို ယနေ့ မနက်ပိုင်း မတ် ၃၀ ရက်တွင်လည်း ဒုက္ခသည် ၅၀၀ ကျော်မှာ နေရပ်ရင်းသို့ ထပ်မံ ပြန်လာရသည်။

ထိုင်းနိုင်ငံ နယ်စပ်တွင် ခိုလှုံနေစဉ်ကလည်း ကရင်ဒုက္ခသည်များထံသို့ အကူအညီပေးသည့် အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများကို လာရောက် တွေ့ဆုံခွင့် မပြုသဖြင့် ဒုက္ခသည်များမှာ စားနပ်ရိက္ခာနှင့် သောက်ရေ အခက်အခဲများ ရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။

KPSN မှ ပြောရေးဆိုခွင့်ရှိသူက “နောက်ထပ် ၇၆ ယောက်ကလည်း ထိုင်းဘက်ကို ရောက်နေတယ်။ အဲဒီဘက်မှာတော့ အာဏာပိုင်တွေနဲ့ သူတို့မတွေ့သေးဘူးတဲ့။ သူတို့လည်း ပြန်ပို့ခံရမလား မသိသေးဘူး” ဟု ပြောသည်။

စစ်တပ်သည် ဖာပွန်ခရိုင်တွင်း အခြေစိုက် လှုပ်ရှားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၅) နှင့် စစ်ရေး တင်းမာနေရာ မတ်၂၇ ရက်၊ ညနေ ၃ နာရီမှ စ၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို စတင်ပြုလုပ်ခဲ့သည်။

အာဏာသိမ်း စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်နေသည့် နိုင်ငံတဝှမ်းမှ လူထုကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက် ခြင်းများ ပြုလုပ်ရာ ထိုအခြေအနေများကို လက်မခံနိုင်ဟု ဆိုပြီး KNU တပ်မဟာ (၅) သည် ဖာပွန်ခရိုင် တွင်းရှိ စစ်တပ်၏ တပ်စခန်းများကို ဝင်ရောက် စီးနင်း သိမ်းယူခြင်း၊ စစ်ကားများအား မိုင်းဖြင့် တိုက်ခိုက်ခြင်း၊ စစ်တပ်ရှေ့တန်း တပ်စခန်းများ ရိက္ခာပြတ်တောက်အောင် လမ်းပိတ်ထားခြင်းများ ပြုလုပ်ထားသည်။

ထိုသို့ တင်းမာမှုများကြောင့် စစ်တပ်က KNU တပ်မဟာ (၅) ကို ပြန်တိုက်ခိုက်ရာ တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲချ နေခြင်း ဖြစ်သည်။

စစ်တပ်က ၎င်းနှင့် စစ်ရေးတင်းမာနေသည့် KNU တပ်စခန်းများကိုသာ တိုက်ခိုက်ခြင်း မဟုတ်ဘဲ ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံ ကရင်လူမျိုးများ နေထိုင်သည့် ကျေးရွာများအနီးကိုပါ ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေပူနိုကျေးရွာတွင်း နေအိမ်အချို့ မီးလောင်ကာ အရပ်သား ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိထားသည်။

ဒေပူနိုကျေးရွာ တဝိုက်တွင် ဗုံးဒဏ်သင့်ခြင်းများ ဖြစ်နေသဖြင့် အီးတူထာ စစ်ဘေးရှောင်စခန်း၊ မယ်နူထာကျေးရွာနှင့် အူးဝဲ ကလိုး ကျေးရွာမှ ဒေသခံ ၃၀၀၀ ကျော်သည်လည်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခြင်း ဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်ရာတွင်လည်း စစ်တပ်က ညသန်းခေါင်ယံနှင့် မနက်မိုးမလင်းမီ ၁ နာရီနှင့် ၃ နာရီကြားတွင်သာ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

မတ် ၂၇ ရက်မှ ၂၉ ရက်အထိ ဗုံးကြဲတိုက်ခိုက်မှုများတွင် ထိုသို့ ညသန်းခေါင်ယံနှင့် မနက်မိုးမလင်းမီ အချိန်များတွင်သာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အီးတူထာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ တဦးက “ညတုန်းကလည်း လေယာဉ် လာပစ်တယ်။ ဒီမှာ မလုံခြုံဘူး။ ညဆိုရင်တော့ အိမ်ထဲ ဘယ်သူမှ မအိပ်ကြတော့ဘူးလေ။ တချို့က တူးထားတဲ့ ကျင်းထဲ အိပ်ကြတယ်။ လုံခြုံမယ်ထင်တဲ့ နေရာတွေမှာ ရှောင်နေကြရတယ်။ ညဘက်တွေလည်း ကောင်းကောင်း မအိပ်ရပါဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံဘက်ခြမ်းတွင် ခိုလှုံမရ၍ လှည့်ပြန်လာသူများသည် ၎င်းတို့ နေရပ်ရင်းတွင် မလုံခြုံသည်ကို သိရှိသော်လည်း ပြေးစရာနေရာ မရှိခြင်းကြောင့် ဗုံးခိုကျင်းများကိုသာ အဓိက အားကိုးပြီး လုံခြုံအောင်နေရန် ပြင်ဆင်ထားပါသည်ဟုလည်း အဆိုပါ ဒေသခံက ပြောသည်။

ထို့ပြင် ဒေပူနိုကျေးရွာမှ ထွက်ပြေးနေသည့် ဒေသခံ ၈၀၀၀ ကျော်သည်လည်း တောတောင်များအတွင်း ခိုလှုံနေဆဲဖြစ်ပြီး ၎င်းတို့၏ အခြေအနေ၊ စားနပ်ရိက္ခာ ရှိမရှိကို သိရှိခြင်းမရှိပါ။

ဧရာဝတီမှ ဆက်သွယ်မေးမြန်းသည့် ကရင် လူမှုအရပ်ဘက် အဖွဲ့အစည်းများကလည်း ဒေပူနိုကျေးရွာမှ ဒေသခံများနှင့် အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်သည်ဟု ပြောဆိုကြသည်။

ထိုင်းအစိုးရကမူ လာရောက်ခိုလှုံသည့် ကရင်တိုင်းရင်းသားများကို ပြန်လည်နှင်ထုတ်သည်ဆိုသော ပြောကြားချက်များကို ငြင်းဆိုထားသည်။

You may also like these stories:

မဏိပူရ်ပြည်နယ်ဘက်သို့ ခိုလှုံသူ မြန်မာများ ပြန်မောင်းထုတ်ခံရ

လေကြောင်း တိုက်ခိုက်မှု ကရင်ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

Did you find apk for android? You can find new Free Android Games and apps.
Loading